Wednesday, September 25, 2013

မြွေဆိုး

တလောက အိမ်ပြန်တော့ ငယ်ငယ်က သူငယ်ချင်းတယောက်နဲ့ ပြန်ဆုံဖြစ်တယ်။ အိမ်နီးချင်း အတူဆော့ဖေါ် သူငယ်ချင်း နှစ်ယောက်ရှိခဲ့ဖူးတဲ့အထဲက တယောက်။ သူနဲ့ လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း  အတော်ကြာအောင်ပဲ စကားတွေပြောဖြစ်ခဲ့တယ်။
ကျွန်တော် သူတို့နှင့် မတွေ့ဖြစ်တော့တာ တက္ကသိုလ် ရောက်စဉ်ကထည်းကပဲ။ ကျွန်တော်တက္ကသိုလ် ဒုတိယနှစ်လောက်မှာ အိမ်ပြောင်းဖြစ်တော့ ကျွန်တော်တို့ပိုဝေးသွားတယ်။ အခုတော့ အိမ်ထောင်ကိုယ်စီ၊ ကလေးကိုယ်စီဖြစ်နေပြီ။ မတွေ့ဖြစ်တဲ့နောက်ပိုင်းကနေ အခုအချိန် ကျွန်တော်တို့ရဲ့အကြောင်းတွေထဲက သိချင်တာတွေမေးကြ၊ ကိုယ့်အကြောင်းကို ဖြေနိုင်သင့်သလောက်ဖြေကြနှင့်။ ကောင်းတာတွေ၊ ဆိုးတာတွေကောဆိုပေမဲ့ အကုန်ခပ်ဖေါ့ဖေါ့ပေါ့။
ပြောနေရင်း ငယ်ငယ်က အကြောင်းတချို့ကို ပြန်သတိရပြီး ပြောဖြစ်တယ်။ သူလဲ ကျွန်တော့်လို ငယ်ငယ်က ဆော့ရင်းပျော်ခဲ့ရတာ သေချာပေါက်ပြန်တွေးမိနေမှာပါပဲ။ လေသံကအစ အပျော်တွေကိုယ်စီနှင့်။ ကျွန်တော်တို့ သုံးယောက်မှာ သူရယ် နောက်တယောက်ရယ်က အမျိုးတော်တယ်။ အိမ်နှစ်လုံးအတူဆောက်ထားတဲ့ သူတို့ ခြံဝန်းအကျယ်ကြီးဟာ ကျွန်တော်တို့သုံးယောက်အတွက်ဆော့ အကောင်းဆုံးနေရာ။ သူတို့အိမ်နဲ့ ကျွန်တော့အိမ်အကြားမှာ ခြံစည်းရိုးရှိပေမဲ့ ကူးဖို့လူတကိုယ်စာချန်ထားတယ်။ ကျောင်းပိတ်ရက်တွေမှာ ကျွန်တော်က အချိန်ပြည့်နီးပါး အဲဒီ့မှာ။
ကလေးသဘာဝ စိတ်ကူးပေါက်ရာဆော့ကြတာပဲ။ ခဏခဏတက်ခဲ့တဲ့ တမာပင်ကြီးပေါ် နွယ်တက်နေတဲ့ ဂွေးတောက်ပင်ကြီးဆို ပင်စည်က အဲဒီ့အချိန်တုန်းက ကလေးလက်အရွယ်နှင့် လက်တဆုပ်မက၊ မြေကလဲ အပင်စိုက်ကောင်းတဲ့မြေဆိုတော့ ဘယ်အစေ့ ဘယ်လိုစိုက်စိုက် ပေါက်တယ်။ အပင်တွေ ကိုယ်စီစိုက်ကြရင်း သူ့ခြံ ကိုယ့်ခြံလုပ်ကြတာ သူတို့အိမ်ဝိုင်းထဲမှာ ကျွန်တော့ခြံတောင်ရှိနေခဲ့သေးတယ်။
အခုနကပြောတဲ့ အိမ်နှစ်လုံးမှာ တအိမ်က ခြေတံရှည်အိမ်၊ ဒီတော့ နေပူတဲ့အချိန်ဆိုရင်တော့ အဲဒီအိမ်အောက်မှာ ကစားရတယ်။ အဲဒီ့အချိန်က ကျွန်တော်တို့ သုံးယောက်အတွက် ပိုအရေးပါတဲ့အချိန်။ အရုပ်တို့၊ သားရေကွင်းတို့၊ ကားချပ်တို့ ကုန်ကုန်ပြောရရင် မန်ကျည်းသီးပေါ်ချိန်ဆို မန်ကျည်းစေ့တို့ သူနိုင်ကိုယ်နိုင် ဆော့ကြတာ။ မန်ကျည်းစေ့လိုမျိုးကလွဲလို့ ကျန်တဲ့ ကားချပ်တို့ သားရေကွင်းတို့ကတော့ မုန့်ဖိုးကနေ၀ယ်ကြပြီးဆော့ရတာ။ အချင်းချင်းလဲ ကုန်သွားရင် ပိုက်ဆံနှင့် ပြန်ဝယ်လို့ရတယ်။ ဒီတော့ နိုင်ဖို့အသဲအသန်ဆော့ကြရတဲ့ပွဲ။
နှစ်ယောက်တယောက်ဖြစ်နေတဲ့အတွက် ကျွန်တော်ရှုံးမှာကိုတော့ သိပ်မပူရဘူး။ သူတို့နှစ်ယောက်က အမျိုးတော်ကြပေမဲ့ ကျွန်တော်နဲ့ ရွယ်တူ သူငယ်ချင်းက ဦးလေးဖြစ်နေပြီ ကျွန်တော်တို့ထက် တနှစ်ကျော်ကျော် ကြီးတဲ့နောက်တယောက်ကတူတော်တယ်တဲ့။ အဲဒါက သူတို့နှစ်ယောက် အချင်းချင်း မကျေနပ်ဖြစ်နေစေတဲ့အချက်။ ဒါ့ကြောင့် သူတို့နှစ်ယောက် ပေါင်းပြီး ဘယ်ကစားနည်းမှာမှ ကျွန်တော်အညစ်မခံခဲ့ရဘူး။
အဆော့အများဆုံးကတော့ မြွေကစားနည်းလို့ ကျွန်တော်တို့နာမည်တပ်ထားတဲ့ ကစားနည်း။အံစာတုံးလှိမ့်၊ အကွက်လေးတွေ ကို အံစာတုံးကျတဲ့ နံပါတ်အရေအတွက်အတိုင်းရွှေ့၊ ရောက်တဲ့အကွက်မှာ လှေခါးရှိရင် ဖြတ်လမ်းပေါ့၊ အကွက်အများကြီးကျော်တက်သွားပြီး၊ မြွေပါးစပ်ရှိတဲ့အကွက်ဆိုရင်တော့ ဆုံးတဲ့အကွက်အထိ တောက်လျှောက်ဆင်းပေတော့ပဲ။ မြွေမြိုတယ်ပေါ့။ အစွဲဆုံးကစားနည်း။  
လှေခါးနဲ့တက်ရရင်ပျော်ပြီး အကြောကြီးနဲ့ ပြောရသလို၊ မြွေမြိုရင်တော့ ဝိုင်းလှောင်ကြတာ ခံပေတော့ပဲ။ တာထွက်တူပေမဲ့ မကြာခင်မှာပဲ ကျွန်တော်တို့ သုံးယောက် ရဲ့ ကိုယ်စားနေရာ အ၀ိုင်းပြားလေးတွေဟာ အကွက်ထဲမှာ ပြန့်ကျဲသွားတော့တာပဲ။ တယောက် ပန်းတိုင်ရောက်သွားရင်တော့ တပွဲပြီးပြီ။  အမှန်ပြောရရင် ကိုယ်လှေခါးနှင့်တက်ရရင် ပျော်ရတာနဲ့ သူတို့မြွေကြောင့် အောက်ပြန်ဆင်းရရင် ပျော်ရတာ သိပ်ကွာလှမယ် မထင်ဘူး။
ဒါလိုဖြစ်နေတာ ကျွန်တော်တို့ သုံးယောက်လုံး အတူတူလို့ပဲ ထင်တယ်။ ကျွန်တော်တို့ သုံးယောက်အပေါ် အတော်ရက်စက်ခဲ့တဲ့ ကစားနည်းဆိုရမှာပဲ။ အခုလို သူငယ်ချင်းနှင့် ပြန်တွေ့ချိန်မှာ ဒီကစားနည်းနဲ့ ကစားခဲ့တဲ့အကြောင်း ဖြတ်ကနဲပေါ်လာသေးတယ်။ သို့ပေမဲ့ စကားမစမိ။ သူလဲ တစွန်းတလေတော့ ပြန်တွေးမိမှာသေချာပါတယ်။ သို့ပေမဲ့ ကျွန်တော်တို့ ပြောဖြစ်တဲ့ ငယ်ငယ်ကအကြောင်းတွေထဲမှာ ဒီကစားနည်းက ပါမလာ။
 အသက်အကြီးဆုံး သူငယ်ချင်းကတော့ မရှိရှာတော့ဘူး။ ဆုံးသွားတာ တနှစ်နီးပါးရှိသွားပြီ။ အရင်နှစ်အနည်းငယ်ကစပြီး သူကျန်းမာရေးချို့ယွင်းနေခဲ့တာ( လေဖြတ်သွားတယ်ဆိုပဲ။ ) သတင်းသဲ့သဲ့ ကြားခဲ့ရတယ်။ နောက်ပိုင်း ပြောဖြစ်တဲ့စကားတွေက ဟိုရောက်ဒီရောက်နဲ့ နောက်ဆုံး လက်ရှိ စီးပွားရေး၊ နေရေး ထိုင်ရေး စပ်မိစပ်ရာ ဆက်ပြောဖြစ်ခဲ့ပါတယ်။ အစောက ငယ်ငယ်က အကြောင်းတွေ ပြောရတာလောက် မကောင်းလှ။ နောက်တော့ တဖြေးဖြေးနဲ့ ပြောစရာ စကားမရှိတော့သလိုဖြစ်လာတယ်။ မကြာခင်ပဲ သူနုတ်ဆက်ပြီးပြန်သွားတယ်။
သူ့နောက်ကြောပြင်ကိုကြည့်ရင်းနဲ့ ထူးဆန်းတဲ့ခံစားချက်တခုပေါ်လာတယ်။ ခဏတာ စကားလက်ဆုံကျနေစဉ်မှာ  ဒီကစားနည်းကို ခေါင်းထဲ ထပ်တလဲလဲ ပြန်တွေးမိနေစေခဲ့တာ၊ နောက် သူလဲ ဒီလိုကစားခဲ့ကြအကြောင်း တွေးနေမယ်ဆိုတာ သေသေချာချာကြီးကို သိနေတာ၊ အဲဒါက ထူးဆန်းနေတာ။

 အထူးဆန်းဆုံးအချက်ကတော့ ( သူရယ၊် ကျွန်တော်ရယ်၊ ဆုံးသွားတဲ့သူငယ်ချင်းရယ်) ကျွန်တော်တို့ ဘယ်အသက်အရွယ်အထိ ဒီကစားနည်းကို  ဆက်ကစားနေဖြစ်ခဲ့ကြတယ်ဆိုတာ့ ဘယ်သူမှသေသေချာချာမသိခဲ့ကြ... ... ...




25/09/2013

(title : Credit to Ko A Yate )

3 comments:

  1. ဟုတ်ပါ့ အစ်ကိုရာ...ကျွန်တော်တို့အားလုံး မြွေကစားနည်းကို ဘယ်ထိဆက်ကစားနေကြရဦးမလဲမသိပါဘူး....

    ReplyDelete
  2. ဟုတ်တယ်ဗျာ၊ ငယ်တုန်းက အတူတူ ကစားခဲ့ကြပေမယ့် ကြီးလာတဲ့အချိန်မှာ လောကရဲ့ အကွက်ပေါင်းစုံအပေါ်က လှေကားတွေ၊ မြွေတွေကြားမှာ တကွဲတပြားစီနဲ့...၊ ကျနော်လည်း ငယ်သူငယ်ချင်းတွေနဲ့ တွေ့ရင် အဲဒီလို ခံစားချက်တွေ ဖြစ်လေ့ရှိတယ်..။

    ReplyDelete
  3. ငယ်ငယ်က ကစားဖော်တွေထဲမှာ ၁ နှစ်ပဲကွာတဲ့ ညီအစ်မရင်း သူငယ်ချင်း ၂ ယောက်ရှိတယ်..သူတို့ကိုယ့်ကိုပေါင်းညစ်မှာ ဘယ်တော့မှ မပူရဘူး..သူတို့ ချင်း မတည့်လွန်းလို့ ဖျန်ဖြေနေရတာကများတယ်။

    ReplyDelete