Thursday, August 9, 2012

စလယ်ဝင် အိုးလေး...


ဖြတ်သန်းခဲ့ကြသော ၈ နှစ်တာ….

            ၁၃.၅.၂၀၀၄… ဆိုတော့… ဒီနေ့ ဆိုပါက ၈နှစ်တာ ဖြတ်သန်းခဲ့ကြပါပြီ။

          ပထမ ၁ နှစ်တာ ကာလကတော့ ကျမတို့ အတွက် နှစ်ယောက်အတူ စတင်ခဲ့ကြသော ဘ၀ခရီး အခြေကျဖို့ အရေး စိတ်နှစ် လုံးပန်းခဲ့ကြရပါသည့် ကာလသာပင်။

          ထိုစဉ်ကတော့ တစ်နေ့ တစ်နေ့ သူ ရုံးက ပြန်ရောက်သည်နှင့် သူက ကျမအကြောင်း စိတ်ဝင်တစား မေးဖြစ်ခဲ့သလို ကျမက သူ့ အလုပ်အကြောင်း သိချင်ခဲ့သမျှ မေးမြန်းခဲ့ကြပါသည်။

          ထို့ နောက်တော့  အချင်းချင်း လိုအပ်တာလေးတွေကို မေးမြန်းပြီး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဖြည့်ဆည်းပေးခဲ့ကြသည်။ ဒီလိုဖြင့် တစ်နေ့ ပြီး တစ်နေ့ ၊ တစ်နှစ်ပြီး တစ်နှစ်ဖြင့် ၃နှစ်တာ အချိန်တွေ ကုန်ဆုံး ဖြတ်သန်းခဲ့ကြ၏။

          သြော်… ထို ၃နှစ်တာကတော့ မိဘ အသိုင်းအ၀ိုင်းနှင့် ဝေးရာမှာ နှစ်ယောက် တည်းဖြင့် တည်ဆောက်ထားသည်မို့   သူ့ အကြောင်း ကိုယ့်အကြောင်း မေးကြရင်း၊ ပြောကြရင်း၊ တိုင်ပင်ကြရင်း၊ ဆွေးနွေးကြရင်း၊ ငြင်းခုံကြရင်းဖြင့် ကျမတို့  နှစ်ယောက်အကြောင်းလေးများက  ကျမတို့ နှစ်ဦးကြား လွှမ်းခြုံခဲ့ကြသလို သူစားချင်တာလေးချက်ကျွေး၊ ကိုယ်လိုချင်တာလေး သူက ၀ယ်ပေးဖြင့် ရိုးစင်းစွာပင် ဖြတ်သန်းခဲ့ကြ၏။

                   +                                              +                                    +
         
       ၃ နှစ်တာကာလကို ကျော်လို့  ၂၀၀၈ ခုနှစ် နှစ်ကူးစမှာတော့ ကျမတို့ နှစ်ယောက်တည်း ဘ၀အတွင်းသို့ လူသားလေးတစ်ဦး တိုးလာတော့မည်ကို မထင်မှတ် မမျှော်လင့်သေးဆဲအချိန်မှာပင် အံ့သြစွာ သိရှိလိုက်ရပါတော့သည်။

          ဒီလိုဖြင့် ကျမ ရင်သွေးလေးလွယ်ထားချိန်တလျှောက် ကျမတို့ နှစ်ယောက်ကြား သူ့ အကြောင်း ကိုယ့်အကြောင်းလေးများအစား ဦးတည်ရာပြောင်းကာ ပြောဖြစ်ခဲ့ကြသည့် အကြောင်းလေးများလည်း ပြောင်းလဲလာခဲ့ကြပါသည်။

          သူ ရုံးမှ ပြန်ရောက်တိုင်း ကျမကို မေးနေကျ အတိုင်းပင် မေးခဲ့ပါ၏။ သို့ သော် သူမေးခဲ့သည်များက ရောက်လာတော့မည့် လူသားလေးနှင့် ပါတ်သတ်သည့် ကျမအကြောင်းများသာပင်။ ကျမက သူ့ အကြောင်းပြန်မေးခဲ့လျှင်လည်း သူပြောပြခဲ့သည့်  သူ့  အလုပ်အကြောင်းနှင့် သူ့ ခံစားချက်တွေ၊ တွေ့ ကြုံခဲ့ရတာလေးတွေက လွန်ခဲ့သော ၃ နှစ်တာ ကာလက ပြောစဉ်ကလို သာမာန် ခံစားချက်ဖြင့်သာ ပြောတတ်သည်မဟုတ်တော့ပါပဲ ဖခင်တစ်ယောက်ရဲ့ ခံစားချက်လေးများ မသိမသာ ပါလာတတ်ပါတော့သည်။

 မည်သည့်အကြောင်းအရာကိုပြောတိုင်း ရောက်ရှိလာတော့မည့် ရင်သွေးလေးရဲ့  ရှေ့ရေးလေး ပါ  တွဲတွေးကာ အလုပ်အပေါ်ခံယူချက်လေးများ   ပြောင်းလဲပြောဆိုလာတတ်ပါတော့သည်။ ပြောတတ်သည့် စကားလုံးများတွင် ခွန်အားများပါတတ်သလို အဓိကအားဖြင့် တွန်းအားတစ်ခု ရလာသလို ခံစားပြောဆိုတတ်လာ၏။

ကျမအကြောင်း မေးမြန်း၊ ပြောဆို၊ ဂရုစိုက်မှုများကလဲ ကျမတစ်ကိုယ်စာအတွက်သာမကတော့ပဲ ရင်သွေးလေးအတွက်ပါတွေးကာ ဖခင်စိတ်လေး မသိမသာစွက်လို့ တစ်ခါတစ်ရံ စိုးရိမ်စိတ်လေးများလည်း လွှမ်းနေတတ်ပါသေးသည်။ 
     
ထို့ အတူ ကျမကိုယ်တိုင်လည်းပဲ မေးခဲ့သမျှ၊ ပြောခဲ့သမျှ၊ လုပ်ခဲ့သမျှ  အားလုံးသော အကြောင်းအရာများတွင် ကျမတို့ ဘ၀အတွင်း မကြာခင်ရောက်လာတော့မည့် ရင်သွေးလေးနှင့် ပါတ်သတ်နေသည့် မိခင်စိတ်အတွေးလေးများ ပါနေတတ်ပါပြီ။

ဒီလိုဖြင့် သားလေးလူ့ ဘ၀အတွင်းမရောက်လာခင် ကိုးလတာမှာတော့ ကျမရော သူပါ အများအားဖြင့် သားလေးကိုသာ ဦးတည်ခဲ့ကြပြီး သားအတွက်နှင့် ပါတ်သတ်သည်ကိုသာ မေးခဲ့ကြ၊ ပြောခဲ့ကြ၊ ဆွေးနွေးခဲ့ကြ၊ တိုင်ပင်ခဲ့ကြ၊ ငြင်းခုံတတ်ခဲ့ကြပါသည်။

သြော်….နှစ်ယောက်တည်းရှိခဲ့စဉ်က သူနဲ့ ကိုယ် နှစ်ယောက်အကြောင်းဖြင့် လွှမ်းမိုးခဲ့ပေမဲ့လည်း ၃ယောက်ဆိုတာ သိလာတော့ ၃ယောက်လုံး ကိုယ်စီအကြောင်းဆိုတာထက် တစ်ယောက်တည်း အကြောင်းကသာ အဓိက လွှမ်းမိုးခဲ့ပါသည်။ အရာရာတိုင်း သားလေးဆိုတာ ဖြစ်နေတတ်ခဲ့ပါသည်။

ထို ကိုးလတာဖြတ်သန်းမှုကတော့ သာမာန်ထက်လွန်စွာပိုသော စိတ်ခွန်အား၊ လူခွန်အား၊ စိတ်ကူးယဉ်မှုများ၊ မျှော်လင့်ချက်များ၊ ရည်ရွယ်ချက်များ၊ ပြင်ဆင်မှုများ၊ ကြိုတင်ကြည်နှုးရင်ခုန်မှုများဖြင့် ပြည့်ခဲ့ပါသည်။

+                                              +                                              +

၁၁.၁၀.၂၀၀၈၊ စနေနေ့ ။ မနက်အိပ်ရာနိုးချိန်မှစလို့  ည ၇ နာရီ ၅၂ မိနစ်အချိန်အတွင်း စိတ်ခံစား၊လှုပ်ရှားမှုများ၊ ကြုံတွေ့ ခဲ့ရမှုများကိုတော့ ဘယ်လိုမှ ပြန်မပြောတတ်တော့ပါ။ 

ည ၇ နာရီ ၅၂မိနစ်အရောက်…သားလေးငိုသံနှင့် အဖေလုပ်သူရဲ့ မေမေရေ..သားသားကို ကြည့်ပါအုံး..ဆိုသည့် စကားနှစ်ခွန်းကိုသာ မှတ်မိပါတော့သည်။ အဖေလုပ်သူက ဒီစကားလေးဖြင့်  သားလေးကို ကျမတို့ ဘ၀အတွင်း  ကြိုဆိုလိုက်ပါသည်။ ကျမက သားသားလေးရေ…ဟု ခေါ်လိုက်စဉ် အဖေ့ရင်ခွင်အတွင်းမှနေ အငိုခဏရပ်လို့  အမေ့ကို အသံကြားရာ လိုက်ရှာရင်း သားလေးကလည်း အဖေနဲ့ အမေကို နှုတ်ဆက်ခဲ့ပါသည်။ 

၁၁.၁၀.၂၀၀၈၊ ထိုနေ့ ကစလို့  သားသားရယ် ဖေဖေရယ် မေမေ ၃ယောက်တို့ ဖြင့် ၃ယောက်ဘ၀ စခဲ့ကြပါသည်။

ပြောစရာပင် လိုမည်မထင်တော့ပါ။ သားလေး ရောက်လာကတည်းက အခန်းလေးတွင်း သားလေးငိုသံ၊ အဖေရဲ့ သားသားလေးရေ၊ ကောင်းငယ်လေးရေခေါ်သံ၊ အမေလုပ်တဲ့ ကျမရဲ့  သားသားရေ တို့ ဖြင့်သာ လွှမ်းခြုံခဲ့ပါသည်။

နေ့ စဉ်လိုပါပင်။ အဖေလုပ်သူ ရုံးက ပြန်လာသည်နှင့် သားသားရေ..ကစလို့  မေမေက သားသားကို ရေချိုးပေးလား၊ မေမေကြိးရော ချိုးလား၊ မန်မန်းစားလား၊ မေမေကြီးက ဘာနဲ့ စားတာတုံး သားသားရဲ့ ပြောပြပါအုံး၊ သားသားမန်မန်းကရော ကောင်းလား….စသဖြင့် သားကိုသာ ခေါ်၊ သားကိုသာမေး၊ သားကိုသာ ပြောဖြင့် စီစီညံနေတတ်ပါတော့သည်။ ကျမကိုပင် သီးသန့် စကား မဆိုတတ်ခဲ့ပါ။ အရာရာ သားကိုသာ ဦးတည် မေး၊ ပြော၊ ဆိုတတ်လာပါတော့သည်။ 

ကျမတို့နှစ်ယောက် သားလေးအိပ်စဉ် စကားတွေ ဆိုဖြစ်ခဲ့ရင်တော့ ဟိုးအရင် ၃နှစ်တာကလို သာမာန် စား၊သောက်၊ ၀တ်တို့ သာ မဟုတ်တော့ပါ။ သားလေးရှေ့ေ၇းတွေ၊ ဖြစ်ချင်တာတွေ၊ လုပ်ပေးချင်တာတွေ။ မျှော်လင့်ချက်တွေ၊ ကြိုတင်စိတ်ကူး ဆုံးဖြတ်ချက်တွေဖြင့် ပိုလို့ အဓိပါယ်ရှိလာပါသည်။

သားလေး စကားမပြောတတ်ခင် ၂နှစ်အထိကတော့ ဖေဖေ၊ မေမေ အသံတို့ ကသာ သားလေးကို ဦးတည် စကားတွေ ဆိုကြ၇င်း မိသားစုလေး စည်ခဲ့ပါသည်။ သားလေး တစ်လုံးစ ၊ နှစ်လုံးစပြောတတ်ခဲ့တော့ စကားဝိုင်းက ပြောင်းကာ သားလေးက စိုးမိုးလာခဲ့ပါသည်။ သားလေး ပြောတတ်သလို ပြောသမျှကို သဘောကျကာ၊ လိုက်ပြောကာဖြင့် သားကသာ ဦးဆောင်ခဲ့ပါသည်။

          +                                              +                                    +

ဟော…ဖြုန်းဆို ၃ နှစ်ထဲလည်း ရောက်ရော… သားလေးလည်း စကား ကောင်းကောင်း ပြောတတ်လာပါရောလား။ အဲဒီအချိန်ကစလို့ ဖေဖေနဲ့ မေမေမှာ ပြောချိန် မရှိတော့သလောက်ဖြစ်နေပါပြီ။

ညနေ အဖေ ရုံးဆင်းချိန်ကို သားကမျှော်တတ်သလို၊ တံခါးပေါက်မှ အဖေ့ကို မြင်သည်နှင့် အပြေးသွားကာ တစ်နေ့ တာ ဖြတ်သန်းခဲ့သမျှ တရစပ်ပြောပါတော့သည်။ မေမေက မန်မန်းကျွေးတာ၊ ကောင်းတာ မကောင်းတာ၊ ရေချိုးပေးတာ၊ အနာကို ခိုက်မိတာ၊ မုန့် ကို နဲနဲ ပေးတာ၊ ကွန်ပျုတာကို စိတ်ကြိုက် မဆော့ရတာ၊ အရုပ် ကားဘီးပြုတ်လို့ ပြန်တပ်ပေးပါ၊ ကား အသစ်လိုချင်တာ၊ ခု စက်ဘီးသွားစီးမှာ၊ ညကျ စူပါမားကက်ကို ရုပ်ရုပ်သွားဝယ်မှာ၊ နောက်ဆုံးကျ မေမေက သားသားကို ငေါက်တာဗျ..က အစ သူ ပြောချင်၊ လုပ်ချင်တာတွေ ပြော၊ ခိုင်း၊တိုင်တို့ ကိုတစ်ခါတည်း လုပ်တတ်ပါတော့သည်။ 

ဟိုးယခင်ကလို အဖေက မေးစရာ မေးခွန်းမလိုတော့ပါ။ အမေက သတင်းပေးစရာမရှိတော့ပါ။ တစ်နေ့ တာအတွက် အလုံးစုံပါ ပါသည်။

ပြောရုံ၊ ခိုင်းရုံ၊ တိုင်ရုံတော့မဟုတ်ပါ။ ပြော၊ ခိုင်း၊ တိုင် လုပ်ဖို့ မေးခွန်းများကိုလည်း မနားတမ်းမေးတတ်ပါသည်။ သိချင်သမျှမေးလို့ မှတ်နိုင်သမျှမှတ်ထားသဖြင့်လည်း အဖေ၊ အမေတို့ နဲ့ အပြိုင် ပြောနိုင်၊ မေးနိုင်တာ ဖြစ်ပါလိမ့်မည်။

 အမေ့ကို မေးလို့ မရပါက အဖေ့ဆီ ပြေး၊ အဖေ့ဆီက မကျေနပ်ရင် အမေ့ဆီလာဖြင့် မေးခွန်းထုတ်နေတတ်ပါသည်။ အစ တစ်စရပြီးပါက မပြီးတော့ပါ။ ဆက်စပ်ကာ မေးနေသည်မှာ အမေးခံရသူက မဖြေတတ်ချိန်ရောက်တော့ ဘာဖြစ်လို့ မေးတာလဲ..လို့ ပြန်မေး၊ သားက မေးချင်လို့ မေးတာပေါ့..လို့ ပြန်အဖြေ ဘာဖြစ်လို့ မေးချင်ရတာလဲ မေးတော့ မသိလို့ မေးတာပေါ့…လို့ ပြန်ဖြေကာ မရပ်ချင်ရပ်ချင်ဖြင့် ရပ်လိုက်ပါတော့သည်။ 

ခုတော့ အမေရော သားအဖေပါ သားက မေးတာဖြေ၊ သား စားချင်တာ ချက်လို့ သားစားချင်ရာသာ လိုက်စားရ၊ သားလုပ်ချင်တာ လုပ်ပေးရ၊ သားဝတ်ချင်တာ ၀ယ်ပေး၊ ၀တ်ပေးရ၊ သားဆော့ချင်ရင် သူနဲ့ အတူ လိုက်ဆော့ပေးရ၊ သားက စာချခဲ့ရင်လည်းပဲ လက်ကလေးပိုက်လို့ တပည့်လေးလို ကျယ်ကျယ်လောင်လောင်လိုက်ဆိုရ၊ သားက ဖွင့်ဆိုတဲ့ တီဗွီအစီအစဉ်ကို ပဲ ဖွင့်ပေးရ၊ သားကြိုက်တဲ့ ကွန်ပျူတာအခွေတွေပဲ ၀ယ်လို့ ဖွင့်ပေးရ။….. ဘာမဆို သားကသာပဲ ဦးဆောင်နေပါပြီ။

သားလေးမမွေးခင်က ၊ တကယ်တော့ သားလေးမှန်းမသိခင်က သူနဲ့ ကျမ ရန်ဖြစ်ခဲ့ဘူး၏။ သားပဲ လိုချင်သည့် သူက သားမွေးမှ ထိန်းမှာ ပြောသဖြင့် အေး..သမီးဆို လုံးဝလာမထိနဲ့ ၊ မခေါ်နဲ့ အပြိုင်ပြောကြရင်း ၂ ရက် ၃ရက် ကြာ စကားမပြောကြသည်အထိဖြစ်ခဲ့ကြ၏။ တကယ်တမ်း သားရောက်လာတော့ သားအသက် နှစ် နှစ်ကျော်အထိ သားအပေါ်သာ စိတ်တွေ စုပုံရင်း ဘက်ဆိုတာ မေ့နေခဲ့ကြ၏။ ငြိမ်းချမ်းခဲ့ကြ၏။ အရင်က ပြောခဲ့ဘူးတာ ပြန်ပြောင်းသတိရကြရင်း ပြုံးမိကြရုံသာ ရှိခဲ့၏။

ထိုစဉ် နှစ်ယောက်တည်းတုံးက ငြင်းခဲ့ ခုံခဲ့ပါလျှင် သူတစ်ဘက် ကိုယ်တစ်ဘက် နှစ်ဘက်ညီခဲ့ဘူး၏။ သုံးယောက်ဖြစ်လာတော့ သုံးဖွဲ့ တော့ မဖြစ်နိုင်၊ တစ်ယောက်ကတော့ တစ်ဘက်မှ ပါရပါတော့မည်။

ဒီလိုနဲ့ မကြာပါ။ သားလေးအသက် ၃ နှစ်ဆိုတာထဲလည်း ရောက်လာရော အဖွဲ့ နှစ်ဖွဲ့ ကွဲသွားပါပြီ။  အဓိက တရားခံကတော့ ပြောစရာမလိုတဲ့ သားလူလည်ကလေးကြောင့်သာပင်။ လူလည်လေးသားက အဖွဲ့ ဖွဲ့ တတ်နေပါပြီ။ စားချိန်၊ အိပ်ချိန်၊နဲ့ အမေလုပ်ပေးတာကိုပဲ ကြိုက်တဲ့ အခါမျိုးဆို သားက မေမေ့ကို ချစ်တာလုပ်ကာ အမေနဲ့ အဖွဲ့  ဖွဲ့ လိုက်ပါသည်။

ဆော့ချိန်၊ ညနေ စက်ဘီးစီးချိန်၊ တီဗွီကြည့်ချိန်၊ အပြင်သွားချိန်၊ နေရာစိမ်းရောက်ချိန်၊ လူစိမ်းတွေကြားသွားချိန်ဆိုရင်တော့ အဖေကို ချစ်တတ်ကာ ကစားဖေါ်၊ အားကိုးရာအဖြစ် အဖေနဲ့ ဘက် ဖြစ်သွားတတ်ပြန်၏။ တစ်ခါတစ်ရံ အဖေနဲ့ အမေက တစ်ဖွဲ့ လုပ်လိုက်ရင်တော့ ခဏမဆိုင်း အဖေ့ဆီဖြစ်ဖြစ်၊ အမေ့ဆီဖြစ်ဖြစ် ပြုံးစိစိနဲ့ ကပ်ရင်း သားသားက ဖေဖေနဲ့ မေမေ့ကို ချစ်တာလို့  ချွဲတတ်၏။ ဒီလိုနဲ့ သားက လိုအပ်ရာလိုက်လို့ တစ်ယောက်မဟုတ်တစ်ယောက် သူ့  ဘက်ပါအောင် အဖွဲ့ ခွဲ ပစ်လိုက်ပါတော့သည်။

ဒီလိုပုံဖြင့်သာ ခုချိန်မှာတော့ အဖေ့အကြောင်း၊ အမေ့အကြောင်း၊ သားအကြောင်းက မိသားစု သုံးယောက်အတွင်း အချင်းချင်းအပြန်အလှန်ပြောဖြစ်ကြသည်မဟုတ်တော့ပါ။ သားလေးကသာ ပြောသူ။ မေးသူ ၊ ခိုင်းသူအဖြစ်ဖြင့် အစစအရာရာ ရှေ့ဆောင်ဖြစ်နေပါပြီ။

+                                              +                                              +

ကျမတို့ နှစ်ယောက်ထဲရှိစဉ်က ကျမက သူစားချင်တာလေး ချက်ကျွေးလို့ ၊ သူကလည်း ကျမ ကြိုက်တတ်တာလေး ရုံးအပြန်ဝယ်လာလို့ ၊ သူ့ အကြောင်း ကိုယ့်အကြောင်းလေး အပြန်အလှန်ပြောကြလို့ ။
ဟော ဒီလိုနဲ့ ရင်သွေးလေးရောက်နေတာသိလာရချိန်ကျ နှစ်ယောက်လုံးက ခလေးအကြောင်း စိတ်ကူးယဉ်အတွေးလေးတွေနဲ့ သာပဲ ပျော်မွေ့ နေခဲ့ကြရာက…

သားလေး လူ့ ဘ၀ထဲလည်း ရောက်လာရော အဖေနဲ့ အမေနှစ်ယောက်လုံး သားလေးအကြောင်းပဲ မေးဖြစ်၊ ပြောဖြစ်ခဲ့ကြပါရောလား။

အဲ သားလေး ၃နှစ်ကျော်လို့ စကားတွေ ရေရေလည်လည်ပြောတတ်ချန်လည်းရောက်လာရော အဖေနဲ့ အမေပြောစရာမလိုလောက်အောင် တနေ့ တာ ဖြစ်စဉ်တွေကို သားက ပြောပြလို့ ။ ရုံးက ပြန်လာတဲ့ အဖေက မေးစရာမလိုသလို အမေကလည်း သတင်းပေးစရာ၊ မေးစရာမလိုလောက်အောင် သားက ၃ယောက်အကြား သတင်းပေးသူ၊ ယူသူအဖြစ် ဦးဆောင်နေပါပြီ။

အဖေနဲ့ အမေ တစ်ယောက်ယောက်က ဦးဆောင်သူ မဟုတ်တော့။ သားသာလျှင် အရှင်သခင်ဘုရင်။ သားခိုင်းတာ လုပ်ပေးရ၊ ပြောတာ နားထောင်ရ၊ မေးသမျှ ကျေနပ်သည်ထိ အဖြေပေးရ၊ သင်သမျှ တပည့်လေးပမာ လက်လေးပိုက်လို့ နားထောင်ရ၊ လိုက်ဆိုရ၊  စားချင်တာ ချက်ကျွေးရ၊ ၀တ်ချင်တာ ၀တ်ပေးရနဲ့ ၊ အဖေနဲ့ အမေတို့ က သားရဲ့ လိုအင်ဟူသမျှကို ဖြည့်ပေးနေကြရပါပြီ။

          +                                              +                                              +

ဟော…မကြာခင် နှစ်အပိုင်းအခြားအတွင်းမှာတော့…. အဖွားကြီးကျမက အဖိုးကြီး ခံတွင်းတွေ့ မယ် ထင်တာလည်း ကောင်းနိုးရာရာလေးချက်လို့ ၊ အဖိုးကြီးကလည်း အဖွားကြီး ကြိုက်တတ်တာလေးတွေ ၀ယ်လာပေးလို့ ၊ အပြန်အလှန် စေတနာလေးတွေ နှုတ်က ရောထဲ့လို့ တလုပ်တဆုပ် ဖြည်းဖြည်း စားကြရင်း သားလေးငယ်ငယ်ကဆို ဘယ်လို၊ ဒါလေးဆို သိပ်ကြိုက်တာပေါ့…ဆိုတာလေးတွေ အလွမ်းဖြေလေးပြောကြလို့ အဝေးရောက် သားကို သတိရရင်း…. 

အော်…ဒီလိုနဲ့ ပဲ  မကြာခင်နှစ်များအတွင်း ၂ယောက်တစ်ဘ၀ ပြန်ဖြစ်ရပါအုံးမည်….။