Thursday, July 28, 2011

ဂျစ်ဆောဝါကျများ



ရုံးမှာက လူကနဲပေမဲ့ လူမျိုးကတော့ အတော်စုံပါတယ်။ ဗမာ၊ အင်္ဂလိပ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အာရပ် အစရှိတဲ့နိုင်ငံတွေက အစုံပါပဲ။ အင်္ဂလိပ်ရယ်၊ အိန္ဒိယ ကလွဲလို့ ကျန်တဲ့လူမျိုးက အလွန်ဆုံးရှိရင် ၂ယောက်ပါပဲ။ ဒီတော့ တယောက်နဲ့တယောက် ပြောဆိုဆက်ဆံရင် အင်္ဂလိပ်လိုပဲပေါ့။

ဒီတော့ ကျွမ်းကျင်တဲ့သူကော မကျွမ်းကျင်တဲ့သူကော အစုံပါပဲ။ ရောက်ခါစ တယောက်လေယူလေသိမ်း၊ အသုံးအနှုန်းကို အထာမကျသေးခင်တော့ နဲနဲခက်တာပေါ့။ နောက်မကြာပါဘူး တဖြေးဖြေးအဆင်ပြေသွားတာပါပဲ။ အင်္ဂလိပ်တွေကလွဲလို့ ကျန်တဲ့ ကျွန်တော်တို့အဖို့မှာတော့ သင်ရင်း ပြောရင်းနဲ့ဆိုတော့ တဦးနဲ့တဦး ပြောဆိုနေတာ ဗွေမယူကြသလို သိမ်ငယ်စရာလဲမရှိတော့ဘူးပေါ့။

တယောက် အထာတယောက် အလွတ်ရလာတဲ့အခါ သိပ်တောင်ပြောဖို့မလိုတော့ပါဘူး။ ဥပမာ ကျွန်တော်က ဟူစိန်လို့ လက်ဖက်ရည်ဖျော်ပေးနေသူကို ခေါ်လိုက်တာနဲ့ သူ့ထုံးစံအတိုင်း ရက်ချားလို့ထူးမယ်။ ပြီးရင် ကော်ဖီတခွက် ဖျော်လာပေးမယ်။ သူရက်ချားလို့ ထူးတာကို ဘယ်သူမှ ပြုံးစေ့စေ့မလုပ်ဖြစ်ပါဘူး။ တယောက်အကြောင်း၊ လေယူလေသိမ်းကို တခြားတယောက်က အလွတ်ရနေပြီးသားပဲလေ။

အဲဒီတော့ တယောက်ယောက်ကများစပြီး ဂျစ်ဆောဝါကျတခုခုလုပ်လိုက်ရင် အားလုံးလိုလို တန်းသတိထားမိတော့တာပါပဲ။ ဂျစ်ဆောဝါကျဆိုတာကတော့ ကျွန်တော်တို့ ဂျစ်ဆောဆက်ရင် သိတဲ့၊ သေချာတဲ့ အပိုင်းလေးတခုကိုအရှင်ရှာ၊ ပြီးမှ ကျန်တာတွေကို ယူပြီး ဆက်ယူရတာမဟုတ်လား။ မှားတဲ့အခါမှား၊ မှန်သွားရင် နောက်တခုထပ်ရှာ၊ ဒီသဘောမျိုးပါပဲ။

တခါက အင်္ဂလိပ်တယောက်က စာတစောင်ပို့တဲ့အထဲ အမှားတခုပါလာလို့ မကြာခင်အီးမေးတစောင်နဲ့ ကျွန်တော်တို့အားလုံးကို အသိပေးပါတယ်။ သူပို့လိုက်တဲ့စာမှာ အပိုင်းတခုမှားနေတာကို သတိထားမိလိုက်လို့ ပြင်ပြီးမှ ထပ်ပို့ပေးလိုက်ပါ့မယ်။ အရင်စာကို မေ့လိုက်ပါ ဆိုတဲ့သဘောပါ။

သူက အဲဒီ့စာမှာ emend  ဆိုတဲ့စကားလုံးသုံးထားပါတယ်။ အဲဒီကစပြီး တရုံးလုံး ဒီစကားလုံးကို သုံးဖို့ ချောင်းနေတော့တာပါပဲ။ ထစ်ကနဲမမှားလိုက်နဲ့  Sorry, I will emend .... လို့လုပ်လာတော့တာပဲ။ စာပြင်တာသာမက စက်ဆင်တာကော ဘာသောညာသော အကုန်လုံးမှာ ဆိုင်ဆိုင်မဆိုင်ဆိုင် မမှားလိုက်နဲ့ တန်းသုံးတော့တာပါပဲ။ တခါတလေများ ပြောချင်လို့ တမင်များ မှားနေသလား ထင်ရပါရဲ့။ သုံးနေကြ လွယ်လွယ်ကူကူ စကားလုံးတွေကို ဆီ ပြန်ရောက်ဖို့ အတော်ကြာပါတယ်။

အခုအချိန်မှာ ဒီလို ဂျစ်ဆောဝါကျလေးတွေ လှိုင်လှိုင်သုံးနေတာကတော့ တခြားဟုတ်ရိုးလား အိမ်က သုံးနှစ်မတ်တင်း သားငယ်ပါပဲ။ စကားက ပြောတတ်ခါစ၊ အိမ်မှာပြောတာက ဗမာလို၊ ကာတွန်းကား ကြိုက်တာက အင်္ဂလိပ်လို၊ တီဗီက ကာတွန်းကား လိုင်းအချို့က အာရပ်လို၊ ဘာသာသုံးခုအကြားမှာ ဂျစ်ဆောစကားလုံးလေးတွေ တပွေ့တပိုက်နဲ့ပေါ့။

ဘုရားရှိခိုးတာကလွဲလို့ သူ့ကို သိပ်တော့မသင်ပေးဖြစ်ပါဘူး။ သူ့ဘာသာ သူတွေ့နေ ကြားနေတာလေးတွေကို တစချင်းမှတ်ပြီး သုံးနေတာလေး သဘောကျလို့ပါ။ ဆိုပါတော့ Thanks you ကို လိုအပ်တာမို့ သင်ပေးလိုက်ပါတယ်။ သူပြောနေပြီးမကြာခင် So much ဆိုတဲ့စကားကိုပါ နားရည်ဝပြီး တွဲသုံးတာမှန်းသူသိလာပါတယ်။ နောက် သူပြောရင် Thanks you ..so much ဖြစ်လာပါတယ်။

နောက် so much ကိုဆက်စပ်ပြီးသုံးတော့တာပါပဲ။ တုံးကလေးတွေ စီတာဆော့နေရင်း ခပ်မြင့်မြင့်ရောက်လာလို့ နောက်ထပ်ထပ်တင်နိုင်လိုက်ရင် ပြုံးကာ လက်ခုပ်လက်ဝါးတီးပြီး Good boy... so much.. လို့ထအော်ပါတယ်။ သူစိတ်ကူးနဲ့သူတော့ အဟုတ်ပဲ။သဘောကျတာနဲ့  ဥာဏ်ရှိသလောက် ချဲ့ပါစေဆိုပြီး မပြင်ပေးသေးပါဘူး။ Bye bye.. so much.. မဟုတ်ရင် ပြီးတာပါပဲလေ။

တခါတလေတော့ နဲနဲပလီချင်တယ်။ သားသားနေကောင်းဖူး.. ခေါင်းမူးတယ်..ပီဇာ စားချင်တယ်တဲ့။ တကယ်မဟုတ်ပါဘူး။ သိထား မှတ်ထားတာတွေ သုံးပြီး ပူစာတာလေ။

သူ့မှာ အကျင့်တခုရှိပါတယ်။ အပြင်ထွက်လို့ ကားပေါ်ရောက်တာနဲ့ သူပူစာလေ့ရှိတာ လေးဖြူရဲ့ မလုပ်နဲ့..မလုပ်နဲ့.. လက်နှက်ငါချပြီးသား.. ဆိုတဲ့သီချင်းပဲ။ တပုဒ်ထဲ တလမ်းလုံးနားထောင်ချင်တာ။ ပြန်ပြန်ကျော့ပေးရပါတယ်။ လိုက်ဆိုလို့ ရသလောက်လဲရှိနေပါပြီ။ တချို့နေရာကတော့ သူကြားထားသလို သူ့စာသားနဲ့သူဆိုနေတာ။

တနေ့တော့ ဈေးဝယ် သုံးယောက်သားထွက်လာပါတယ်။ သူနဲ့ အမေက ကားနောက်ခန်းမှာ။ ဇာတ်လမ်းစတာကတော့ အမေလုပ်တဲ့သူ ဥပုဒ်စောင့်ထားလို့ သွားရင်းလာရင်း အချိုရည်တဗူး ၀ယ်တိုက်လိုက်ပါတယ်။ သူ့တော့ ပေးမတိုက်ပါဘူး။ ဒါပေမဲ့ အမေလုပ်တဲ့သူက အာသာပြေလေး အကပ်ကလေး သောက်ပါစေဆိုပြီး ဗူးလေးသူ့ကို ပေးလိုက်ပါတယ်။

ကုန်နေတဲ့အထဲက တစက်ပြီးတစက် သူ စိတ်ရှည်လက်ရှည် မော့သောက်နေတယ်။ ပြီးသွားတော့ ဗူးကိုသူ့ဘာသာပိတ်၊ ကားတံခါးရွက်ဆီကို လက်လှမ်းရင်း ဒီအထဲ ထဲ့ထားလိုက်မယ်နော်တဲ့။ အေးအေးဆိုတော့ ထည့်ထားလိုက်ပါရော။ သူ့ကို တကယ့် အသီးအရည်ကလွဲလို့ မတိုက်ပါဘူး။ ဒီတော့ အမေကသောက်ပြီး သူမသောက်ရတော့ သိပ်တော့ ကြည်လင်ပုံမရ။

သွားရင်းလာရင်း၊ ကားတစီးက ရုတ်တရက်အရှိန်လျှော့လိုက်တော့ ကျွန်တော်လဲ ဘရိတ်ကို၊ နာနာနင်းလိုက်ရပါတယ်၊ အဲဒီတော့ သူထည့်ထားတဲ့ အချိုရည်ဗူးခွံလေးက အောက်ကြမ်းပြင်ပေါ် ထွက်ကျသွားပါတယ်။

ဒါလဲမြင်ရော ပြန်ကောက်ထည့်ပေးဖို့ သူ့အမေကို ပူစာပါတယ်။ အမေလုပ်တဲ့သူကလည်း၊ ကားတွေရှုပ်နေလို့ တပ်ထားတဲ့ ခါးပတ်ဖြုတ်ပြီး မကောက်ချင်သေးဘူး။ ဒီတော့ သားသားရယ်၊ ရောက်ခါနီးပြပြီ၊ အမှိုက်ဖြစ်သွားပြီလေ၊ နောက်မှကောက်ပေးမယ်၊ အစရှိသမျှ စုံအောင် ပြောနေပေမဲ့ သူကမရဘူး၊ ဘ၀င်မကျဖြစ်နေတာပါပဲ။

နောက်တော့ သူ့အမေက စိတ်မရှည်တော့ဘူး၊ ရောက်မှ ကောက်ပေးမယ်လို့ လေသံနဲနဲမာမာနဲ့ပြောလိုက်ပါရော။ ဒီမှာ အမေ့လေသံကို သတိထားမိတော့ သားကချက်ချင်းပဲ..

နိုးနိုးနိုး... အဲ့လိုမပြောရဘူးလေ... လက်နှက်ချပြီးသားလေ  တဲ့..

ကျွန်တော်တို့နှစ်ယောက်မှာ ရီလိုက်ရတာ...

Sunday, July 17, 2011

အယိုင်ဆုံး...


ပြီးခဲ့တဲ့ တပတ်က အဘူဒါဘီသွားဖြစ်ပါတယ်။ အဘူဒါဘီ အ၀င်မှာ ကမ္ဘာ့ အယိုင်ဆုံးဆိုပြီး မှတ်တမ်းဝင် အဆောက်အဦတခုရှိပါတယ်။ အဲဒီ့အဆောက်အဦကို Capital Gate လို့ အမည်ပေးထားပါတယ်။ ပြခန်းတွေရှိတဲ့ Abu Dhabi National Exhibition Centre မှာရှိပြီး၊ ကားပြိုင်ပွဲမှ ပွဲ ကြည့်တဲ့စဉ်နဲ့ ဆက်ပြီးဆောက်ထားတဲ့ပုံမျိုးပါပဲ။
အဆောက်အဦမှာ Hyatt International က အဘူဒါဘီရဲ့ ပထမဆုံး Hyatt ဟိုတယ်အနေနဲ့ အခန်း၂၀၀ ပါဝင်သော ကြယ်ငါးလုံးအဆင့် (‘Hyatt at Capital Centre’) ကို ဖွင့်လှစ်ထားပါတယ်။ နောက် ကျန်တဲ့ ဧရိယာ မီတာ ၂၀ ၀၀၀ ကတော့ စပါယ်ရှယ် ရုံးခန်းတွေပါတဲ့။ အဆောက်အဦ ရဲ့ အကြောင်း အချက်အလက်တွေကတော့..
အစောင်းဒီဂရီ                 ၁၈ ဒီဂရီ
                                    ( သူ့အရင်က စံချိန်ကတော့ ၄ ဒီဂရီ ရှိတဲ့ Tower of Pisa ပါ)
အမြင့်                           မြေပြင်မှအထက် မီတာ ၁၆၀
အထပ်အရေအတွက်း        ၃၅ ထပ်
ကုန်ကျငွေ                      အမေရီကန် ဒေါ်လာ ၂.၂ ဘီလီယံ
ပိသုကာအဖွဲ့                  RMJM Architects
တည်ဆောက်သူ              ADNEC (Abu Dhabi National Exhibitions Company)
ဟိုတယ်ကတော့ ၂၀၀၉ နှောင်းပိုင်းမှာဖွင့်ပြီး ၂၀၁၀ နှစ်ဆန်းမှာ World’s Furthest Leaning Manmade Tower ဆိုပြီး Guinness World Records က အသိအမှတ်ပြုတယ် ဆိုပါတယ်။ ဒီလို စောင်းတက်နေအောင် ၁၂ထပ်ကစပြီး ၃၀၀ မီလီမီတာကနေ ၁၄၀၀ မီလီမီတာအထိ ယိုင်ချင်ထက်ဘက်ကို တိုးပြီး ဆောက်သွားပါတယ်။ မြေပေါ်က အဆောက်အဦကို လေဒါဏ်၊ သူ့ရဲ့အလေးချိန်ဒါဏ်တွေ ခံနှိုင်ရည်ရှိအောင်၊ အောက်ပေ ၁၀၀နက်တဲ့အထိ တူးပြီး ပိုင်ပေါင်း ၄၉၀ ချထားခဲ့ပါတယ်။
အစောင်းရဲ့ဒါဏ်ခံနိုင်အောင် အပြင်ဘက် မျက်နှာပြင်မှာ မှာ‘diagrid’ ( မြန်မာလိုဆိုရင်တော့ ဆနွမ်းမကင်းပုံစံ သံဒိုင်းတွေလို့ ခေါ်မလားပဲ) ခပ်စပ်စပ်နဲ့ ကြားကန်ပေးထားပါတယ်။ ( ယူကျု့ဗီဒီယိုမှာ အတော်အသေးစိတ် မြင်ရပါလိမ့်မယ်) အတွင်း အဆောက်အဦထဲကတော့ ဒီအဆာက်အဦမှာ pre-cambered’ core လို့ခေါ်တဲ့ အဆောက်အဦ ပင်မ နည်းပညာအသစ် သုံးထားပါတယ်။ အသေးစိတ်သိချင်လို့ ရှာကြည့်ပါသော်လည်း၊ အခုအချိန်အထိ လျှို့ဝှက်ထားဆဲဖြစ်တာ တွေ့ရပါတယ်။


ရိပ်ဖမ်း သံဖမ်းရေးထားတာကတော့ ကွန်ကရစ် ထုထည် ၁၅ ၀၀၀ ( မီတာ)၊ အားဖြည့် သံချောင်းသံတန်ချိန် ၁၀ ၀၀၀နဲ့ သူလဲ အထက် တဖြောင့်ထည်း မတက်ပဲ နဲနဲစီ ဘေးလွှဲတည်ဆောက်ကာ အစွန်းထွက်သွားတဲ့ အထပ်တွေရဲ့ အလေးချိန်ကို ဆန့်ကျင်ဘက်အားအဖြစ် ပြောင်းသွားအောင် စီမံထားပါသည်တဲ့။ အောက်ကပုံထဲမှာတော့ ၁၂ထပ်မတိုင်ခင်က ပုံဆိုတော့ စပြီးစောင်းနေပုံမရသေးပါဘူး။ ဒီနောက်ပိုင်း ဓါတ်ပုံတွေလဲ မတွေ့ရတော့ပါ။ ကွန်ကရစ်ကိုလဲ ဓါတုဆေးတွေနဲ့ ပိုပြီးခိုင်မာအောင် ဆောက်ထားပါတယ်။
အခန်း ၂၀၀ ပါတဲ့ ဟိုတယ်ရယ်၊ ရုံးခန်းတွေရယ် ပဲပါတဲ့ ၂.၂ ဘီလီယံကုန်ကျသော ဒီအဆောက်အဦဟာ ငွေကြေးသက်သက်သာ ဆောက်ခဲ့တာမဟုတ်တာကတော့ သေချာပါတယ်။ ပိုင်ရှင်တွေအတွက် ဂုဏ်ဟာ အရေးပါသလို တည်ဆောက်သူတွေအတွက် နည်းပညာဟာ တကယ့်အမြတ်ဖြစ်မှာပါပဲ။


         
စိတ်ဝင်စားမယ်ဆိုရင် ဗီဒီယိုများ တခုပြီးတခု ဆက်ကြည့်သွားလို့ရပါတယ်..
ကိုးကား...

Tuesday, July 5, 2011

သင့်တော်၏၊ မတော်၏။

( ၁ )

ကြာခဲ့ပါပြီ။ ကျောင်းတုန်းက အဖြစ်အပျက်လေးတခုပါ။ ကျောင်းကန်တင်းတ၀ိုက်က မြေဟာ မြေနီ၊ စေးသည်။ မိုးတိတ်ပြီးမကြာခင် ရေကွက်လေးတွေက ဟိုတချို့ ဒီတချို့။ ကန်တင်းမှာ ထိုင်နေကြတာကလဲ ဆိုင်တွေမှာ လူသိပ်မများလှ။

ထိုအချိန်မှာ အကျီအဖြူ၊ ရေမိုးချိုးပြီးသား၊ သန့်သန့်ပြန့်ပြန်နှင့် အသိမဟုတ်သော ကျောင်းသားတယောက် ကန်တင်းရှေ့ရှိမြေကွက်လပ်ကလေးကို ဖြတ်လျှောက်လာသည်။ ရေကွက် ခပ်ရွယ်ရွယ်လေးတွေ့တော့ ရှောင်မသွားပဲ ခုန်ကျော်လိုက်သည်။ ရေကွက်လေးကလဲ တကယ့်ခြေတလှမ်းသာမျှသာ။

သို့သော် သူဟန်ချက်ပျက်သွားသည်။ မြေပေါ်အကျ အရှေ့နဲနဲချော်ပြီး ထောက်ထားသည့် ခြေထောက်မှာ တဖက်ပဲ ထောက်မိနေသည်၊ ပြီးတော့ လူက လဲလုလု နောက်သို့လန်သွားသည်။ အချိန်မှီ ပြန်တည့်မတ်နိုင်ရန် သူကြိုးစားရှာသည်။ လန်နေသောကိုယ်မှာ ခေါင်းကို ရှေ့မရမကဆွဲယူသည်။ လက်နှစ်ဖက်ကို ငှက်များ အတောင်ပန်ခတ်သကဲသို့ အမြန်ယက်ယူရင်း ခန္တာကိုယ်ကို ရှေ့သို့ ယက်ဆွဲယူနေသည်။ တစက္ကန့်... နှစ်စက္ကန့်..၃.. ၄..၅.. လဲမသွားသလို ပြန်လဲမတ်မလာသေး။

မြင်လိုက်ကြရသော ကျွန်တော်တို့အားလုံး စိုးရိမ်တကြီး၊ မင်သက်စွာ ဖြင့်သတိလက်လွှတ် ကြည့်နေမိသည်။ သူလက်ဖြင့် ရှေ့ယက်ယူတိုင်း၊ မတ်မလာသေးသည်ကိုမြင်ရတိုင်း၊ စိုးရိမ်တကြီးဖြင့် ဟာ..ဟာ..ဟာ..နှင့် စည်းချက်ညီစွာ သတိလက်လွတ်လဲ အားလုံးအော်နေမိသည်။ ဒီပုံစံဖြင့် သူအတော်ကြာနေသွားရပါသည်။ နောက်တော့ ဖင်ထိုင်လျှင်ကျသွားသည်။ အားလုံးထံမှ ၀ါးကနဲရီသံ ပေါ်လာပါသည်။ ရီနေသူတွေထဲမှာ ကျွန်တော်လဲ ပါခဲ့ပါသည်။

 ( ၂ )

ဒူဘိုင်း မြို့လည်တနေရာမှာ အအေးသောက် အကြော်စား ကျွန်တော်တို့တစုထွက်လာကြသည်။ အထင်ကရ နိုက်ကလပ်တခုရှေ့ ပလက်ဖေါင်းပေါ်မှာ စကားခေါင်ဖွဲ့ရင်းလျှောက်လာတော့ တနေရာမှာ Bus မှတ်တိုင်ဆိုင်းဘုတ်က ပလက်ဖေါင်း အလည်မရှိတရှိမှာ ထောင်ထားသည့်နေရာသို့ရောက်လာသည်။ မှတ်တိုင်ဘေး ကျန်သည့်၊ ကျဉ်းသည့် ပလက်ဖေါင်းနေရာမှာ မျက်နှာချင်းဆိုင်လာသူက နီးလျှင် ကျွန်တော်တို့က ရပ်စောင့်ရနေရပါသည်။

သွားလို့ရသည့်အချိန် ထိုနေရာအဖြတ်မှာ မျက်နှာချင်းဆိုင်မှ လာနေသော အိန္ဒိယ လူမျိုးတယောက် ကို သတိထားမိလိုက်ပါသည်။ လျှောက်လာသည့်အရှိန် လျှော့ကာ စောင့်ရမည်ကို မစောင့်သောကြောင့် သတိထားမိခြင်းပါ။ သူ့မျက်လုံးနှင့် စိတ်အာရုံက တဖက်က လမ်းကူးလာသည့် ကလပ်တက်မည့် ရုရှားမယ်တွေဆီမှာ၊ တိုက်တော့မည်ကို မြင်လို့ ဟေ့..ဟေ့ အသံပြုစဉ်မှာပဲ ဆိုင်းဘုတ်က သံပိုက်ခါသွားသည်အထိ အုန်းကနဲ ကိုယ်လုံးဖြင့်တိုက်သည်။ တကိုယ်လုံး အပြားလိုက် တိုက်မိလို့သာ တော်တော့သည်။

ယိုင်လာသော ကိုယ်ကို ဆွဲရင်း မင်းဘာဖြစ်သွားလဲမေးတော့ သူ့အဖြစ်ကို သူသိတော့ ရှက်သည့်စိတ်နှင့် မျက်နှာက ပြုံးပြုံးကြီး၊ ပြီးတော့ သူက ဆောရီး ဆောရီး တွင်တွင်ပြောနေသည်။ သူနာသွားသည့် အဖြစ်ကိုမရည်ရွယ်ပေ၊ သို့သော် ဤသို့ အဆီအငေါ်မတည့်သည့် ဆောရီးတတွတ်တွတ် ပြောနေခြင်းကြောင့် သူ့ရှေ့မှ အောင့်အီးမျက်နှာလွှဲကာ အမြန်လစ်ရင်း တဟားဟားရီနေမိခဲ့သည်။

( ၃ )

တလောက ဘာသာရေးအတွက် သီးသန့်အစုအဖွဲ့လေးတခု ရှိရာသွားဖြစ်ပါသည်။ ကျောင်းမရှိ၊ ဆည်းကပ်ရာစေတီ ပုထိုးမရှိသေးသော ဒေသဆိုတော့ အချင်းချင်း နှစ်ပတ်တခါ အတူစုံကာ ၀တ်ရွတ်ကြ၊ အစားအသောက်တခုဖြင့် ဧည့်ဝတ်ပြုကြလေ့ရှိသောနေရာပါ။

ထိုနေ့က မုန့်ဟင်းခါးကျွေးပါသည်။ ချက်သည့်အထဲ မပါသော်လည်း အဖွဲ့ထဲမှာ စွမ်းသောပေါကရောက်သော အသိတယောက်က ဧည့်ခံပါသည်။ ကောင်းနိုးရာရာ ရှာဖွေရင်း ဖယ်ထား၊ ချန်ထားသော ပဲကပ်ကြော်တွေ ယူလာက ကျွန်တော်တို့ဝိုင်းကိုချပေးသည်။

ကြည့်ရတာ မာလွန်းလို့ ဖယ်ထားပုံရပါသည်။ ထည့်ထားသော အကြော်ဖတ်လေးများ ဟင်းရည်နှင့်နူးအောင် ကြာကြာထားသော်လည်း ပဲစေ့ကိုက မာနေသောကြောင့်မထူး။ ကုန်အောင် အတော်စားယူရပါသည်။ မုန့်ဟင်းခါးကတော့ အတော့်ကို အရသာကောင်းလှပါသည်။

နောက်ဝတ်ရွတ်၊ အမျှဝေ၊ ဆုတောင်း ပြီး ထိုင်ရာကအထမှာ စောစောက တ၀ိုင်းထဲအတူစားခဲ့သူမှ သွားတွေကျိုးတဲ့အထိ ကုသိုလ်ပြုနိုင်ပါစေ လို့ ခပ်တိုးတိုးဆုတောင်းသံလေး ထွက်လာပါသည်။ သူ့ဆုတောင်း အတိမ်အနက်ကို သိသောကြောင့် ကျွန်တော် ပြုံးမိခဲ့ပါသည်....