Wednesday, April 3, 2013

၁၁၅ မိုင်



အိမ်ကို ခွင့်ပြန်တိုင်း ရောက်ခဲဘိခြင်းဆိုတဲ့ ခံစားမှူ့မျိုး အမြဲပေးတဲ့ ခရီးအစိတ်အပိုင်းတခုရှိပါတယ်။ ရန်ကုန်အထိ လေယာဉ်စီးနေတဲ့အချိန်မှာ စိတ်ထဲမှာ အေးဆေးပဲ။ ရန်ကုန်မှာ တထောက်နား၊ တညအိပ်ဖြစ်အုံးမှာမို့ထင်ပါရဲ့။ ရန်ကုန်မှ မန္တလေးကို ကားစီးစဉ်၊ ရန်ကုန်ကနေ ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းအထိ လမ်းဟာ ကျွန်တော့အတွက် အခက်ခဲဆုံးလမ်း။ ခက်တာကတော့ ၁၁၅ မိုင်ကို ၁၁၅ မိုင်လို့ သိနေတာက စတာပါပဲ။


သွားနေကြဆိုတော့ ၁၁၅ မိုင်မှာနားပြီးလျှင် တီဗီမဖွင့်တော့၊ ကားခဏနားစဉ် ကလေးကို တခုခုလေးကျွှေးလိုက်လျှင် ကားပြန်အထွက်မှာ ဗိုက်လေးလေးနှင့် သားကအိပ်လေ့ရှိသည်။ ဒီတော့ ကျွန်တော်ကော၊ ဇနီးပါ အိပ်လို့ရပြီး မိသားစု မန္တလေးရောက်မှပဲ နိုးလေ့ရှိကြသည်။ အိပ်ပျော်တော့ သွားနေတဲ့ခရီးလဲ ခဏလေးဖြင့် ရောက်သွားသလိုလို...


မရောက်ခင်တော့ တီဗီအသံက ကျယ်၊ ဝမ်းကွဲအကိုနှင့် အမကို တွေ့ချင်စိတ်များနေတဲ့ သားကမအိပ်၊ သက်သာစေချင်တဲ့အမေက ဇွတ်သိပ်နဲ့။ ကျွန်တော်လဲ သူတို့နှစ်ယောက်ဆီ အာရုံရောက်လိုက်၊ တီဗီထဲ အာရုံရောက်သည့်အခါရောက်လိုက်နှင့်။


နောက်တော့ လမ်းဘေးမှာ တရိတ်ရိတ်ဖြတ်ကျော်နေတဲ့ မိုင်တိုင်တွေကို သတိထားမိလာပါတယ်။ ၃/၉၂.. ၄/၉၂ စသည်ဖြင့်။ ၇ ဖာလုံပြီးသွားရင် မိုင်ဂဏန်းနောက်တခုပြောင်း။ အစမှာတော့ အမယ် ၁၁၅ မိုင်တောင် နီးနေပါပကောလို့ ၀မ်းသာသွားတယ်။


ပျင်းပျင်းနဲ့ ကားမီးအရောင်ကြောင့် ကွက်ကွက်ကလေး မြင်နေရတဲ့ အလင်းရောင်ထဲက တရိပ်ရိပ်ဖြတ်ကျန်ခဲ့တဲ့ မိုင်တိုင်တွေကို ငေးနေမိတယ်ဗျာ။ တဖာလုံချင်း တရွေ့ရွေ့တက်နေတဲ့ မိုင်တိုင်ပေါ်က ဂဏန်းတွေ..တတိုင်ဖြတ်သွားပြီးရင် နောက်တတိုင်ကိုစောင့်၊ ဖာလုံ/မိုင်အမှတ် ဘာလာမယ်ဆိုတာ သေသေချာချာ ကြိုသိနေတဲ့ မိုင်တိုင်၊ အဲဒီ့မိုင်တိုင်ပြီးရင် နောက်တခုဘာလာမယ်ဆိုတာလဲ သေသေချာချာသိနေပြီ။


 ဒီလိုပဲ တခုပြီးတခု မဖြစ်မနေ ဖြတ်သွားလိမ့်မည်။ တခြားနည်းလမ်းမရှိ။ ရှေ့မှ ၇/၉၂ ကို ဖြတ်မသွားနိုင်လျှင် ၁၁၅ သို့ ဘယ်လိုနည်းနှင့်မျှ မရောက်။ ထို့အတူ ကျန်သောမိုင်ကို ၈ ဆ ပွားထားတဲ့ မိုင်တိုင်လေးတွေ တခုပြီးတခု ရောက်မလာခဲ့လျှင် ၁၁၅ သည်လည်း ရောက်လာတော့မည်မဟုတ်။


မိုင်တိုင်လေးတွေ တခုပြီးတခု စောင့်ကြည့်နေမိတော့ အရင်က အတော်မောင်းတယ်နောလို့ ပြောခဲ့ရသော အရှိန်ဖြင့် မောင်းနေသည့် ကားဟာ နှေးလာသယောင်ယောင်။ ကိုယ်လုပ်ရမည့်အလုပ် သေချာသိနေသူက သင့်တော်သော အရှိန်ဖြင့် မောင်းနေသောကားပ်ါမှာ ကျွန်တော်ဟာ စိတ်မရှည်ဖြစ်လာသည်။ အရှေ့ ခပ်လှမ်းလှမ်းမှာ  မြင်နေရသော ကားဆီ နီးကပ်လာပြီး ကျော်ဖို့မကြိုးစားတာကိုလဲ စိတ်ထဲဇနိုးဇနောင့်။ ( တကယ်တော့ သူ့လဲသူ့အမြန်နှုန်း နှင့်သူမောင်းနေတာဆိုတော့ ကျော်ဖို့မလွယ် )


စိတ်မသက်မသာဖြစ်လာတော့ ဒီမိုင်တိုင်တွေ ကြည့်နေရာက ရပ်ဖို့ပြင်တော့သည်။ တီဗီဖက်ကို အာရုံပြောင်း၊ ရသလောက်ဆော့နေသည့် သားဖက်ကို အာရုံလှည့်။ သို့သော် စိတ်ထဲမှာ အခုဆိုဘယ်မိုင်တိုင်ရောက်နေပြီဆိုတာ မသိမသာမှတ်နေသလိုပါပဲ။ ခနနေတော့ အတော်လေးရောက်နေလောက်ရောပေါ့ဆိုပြီး ဖြတ်ခနဲ ပြန်ကြည့်မိသည်။ စိတ်ထဲထင်နေသည်ထက် နည်းနေသော ဂဏန်း။ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း အာရုံပြန်ပြောင်း။ ဒီလိုနှင့် သံသရာလည်နေတော့သည်။


ကားမီးတွေဖွင့်၊ မိုက်ကိုင်ပြီး မကြာမီ ၁၁၅ မိုင်မှာကားခဏနားမည်လို့ ကြေငြာချိန်မှာ အိပ်ပျော်နေသူတွေ နိုးလာကြပြီး အိပ်ရေးပျက်လို့ ညီးတွားသံတိုးတိုးတွေအကြားမှာ ကျွန်တော်လောက် ပျော်သောသူမရှိ။ ကျွန်တော့်မှာသာ ဒီဒုက္ခရှိနေပုံရသည်။


ကားတံခါးဖွင့်လိုက်တော့ အတူစီးလာသူတွေ သူ့အတွေးတွေနှင့်သူ စိတ်ကူးနှင့်သူ။ အပေါ့အပါးအတွက် ရေအိမ်ဆီ အသောနှင်သူကနှင်၊ မျက်နှာသစ်ဖို့ နေရာရအောင် သွက်သွက်လေးသွားသူသွား၊ ဆိုင်မှာ နေရာကောင်းရအောင် စားပွဲဦးသူကဦးနှင့်။


ကျွန်တော်က သွက်သွက်သွားနေသူ လူအုပ်အကြားမှာ သားငယ်ကိုလက်ဆွဲရင်း ဆိုင်ဆီကို အေးအေးဆေးဆေးပဲ လျှောက်လာနေမိသည်။ မန္တလေးသည် ဘယ်နှမိုင်မှာရှိသည်ကို သေချာမသိ၊ မသိချင်။ ကားပေါ်ပြန်ရောက်လျှင် သားငယ်အိပ်ပျော်တော့မည်။ ကျွန်တော်လဲအိပ်ပျော်မှာသေချာပါသည်။ ခရီးစဉ်လဲ တိုသွားပေလိမ့်မည်။


ခရီးသည်များ ကားမှဆိုင်ဆီ သွားနေသည့်အချိန်လေး ရောင်းပန်းလှရန် အဆင်သင့်ပြင်ထားသော အငွေ့တထောင်းထောင်းထနေသည့် မြေပဲပြုတ်ဗန်းတွေဆီ အာရုံအရောက်မှာ သားငယ်က ဆိုင်မှာမထိုင်ချင်ကြောင်း၊ ကားပေါ်ပြန်တက်ပြီး ကိုကိုနှင့် မမဆီ ဆက်သွားရအောင်လေ ပြောလာတော့ ကျွန်တော်ပြုံးမိလေသည်။

N/A
03/04/2013