Saturday, December 31, 2011

၂၀၁၂





•မျက်လုံးများ

အဝေး ( မှုန် )
အနီး ( ကြည် )

•အတွေး

အဝေး ( ကြည် )
အနီး ( မှုန် )

•မျှော်လင့်ချက်


အဝေး ( အတော် မှုန် )
အနီး ( မဆိုး )


၂၀၁၂ ထဲ တလှမ်းပြီးတလှမ်း နင်းဝင်လိုက်တော့မယ်။ အဆင်ပြေမှာပါလေ....

Thursday, December 29, 2011

ပုဂံ ၂၀၁၁


ဆန့်ကျင်ဘက်တရားတွေ ပေါင်းဆုံခဲ့ရာမြို့..

မြင်နိုင်သေးသည်တို့ကိုကြည့်ကာ မမြင်နိုင်ခဲ့သည်တို့ကို တွေးမိစေသောမြို့..

ခံစားချက်ပေါင်းစုံအကြားမှ ဒီမြေကို ချစ်သောစိတ်သာထင်ထင်ရှားရှားကျန်ရစ်ခဲ့စေသောမြို့..

Saturday, December 24, 2011

သည်တော..သည်တောင်..သည်မြေ..

မိတ္ထီလာမှတဆင့် ကျွန်တော်တို့ ညောင်ဦးမြို့ဆီ ခရီးဆက်ပါတယ်။ အစီအစဉ်ကတော့ ညောင်ဦးမှာ ၃ ညအိပ် ၄ ရက် နေမယ်။ ကျွန်တော်တို့မိသားစု ၃ ယောက်က မိတ္ထီလာကနေ သွားနေချိန်မှာ မန္တလေးမှ ဇနီးသယ်ရဲ့ အကို မိသားစု ၃ ဖွဲ့ကလဲ ညောင်ဦးကိုလာနေပြီ။ နယ်ခံ ၀န်ထမ်းအကိုရဲ့အိမ်မှာတည်းမယ်၊ နောက် ပုဂံမြို့ဟောင်းမှဘုရားတွေ ဖူးကြမယ်။




မိတ္ထီလာမြိုအထွက်ရောက်တော့ ၉ နာရီထိုးနေပါပြီ။ ဒီတခေါက်လောက် လမ်းခရီးတလျှောက် လှနေတာ မကြုံဖူးခဲ့။ မိုးကင်းတာမကြာသေးလို့ သစ်ပင်တွေကစိမ်းစိမ်းစိုစို၊ အရင်အခေါက်တွေက ခြောက်သွေ့နေသော သဲချောင်းတွေအဖြစ်သာရှိနေခဲ့တဲ့ ချောင်းတွေ မြောင်းတွေမှာလဲ ရေတင်နေသေးတော့ ဒီခရီးဟာ ကျွန်တော်တို့အတွက် မမေ့ချင်စရာ။



လမ်းက အတော်ကြီးကို ကောင်းနေတာတွေ့ရပါတယ်။ အပေါက်မရှိ၊ လမ်းလဲကျယ်၊ အရင်အခေါက်တွေတုန်းက ကုမ္ပဏီတခုက ခင်းနေလက်စတွေ့ခဲ့ရတာ ဒီတခေါက်မှ အချောသပ် ပြီးစီးနေပါပြီ။


ဓါတ်ဆီရောင်းတဲ့ ဆိုင်လေးတွေတော့ ရှိနေတုန်းပါပဲ။ ပိုတောင် စုံအောင်တင်လာကြပါတယ်။ ရောင်စုံဗူးလေးတွေ၊ အဖြူရောင် ( ဓါတ်ဆီ )၊ အ၀ါရောင် ( ဒီဇယ် )၊ အနီရောင် ( အောက်တိန်း )။ ညပိုင်းဆို မီးရောင်လေးနဲ့ လှတောင်နေသေး။



တလမ်းလုံး အများဆုံးတွေ့ရတာကတော့ ထနောင်း၊ ရှား၊ ထန်းပင် နဲ့ ကုက္ကိုပင်တွေပါပဲ။ အညာတလျှောက် အတွေ့ရဆုံးအပင်တွေပါ။ ထနောင်းပင်ကတော့ အကိုင်းအလက် ကွေ့ကွေ့ကောက်ကောက် လှလှပပ။ နွေရာသီမှာ အားအကိုးရဆုံးအပင်။ နွေထနောင်း ဆောင်းမန်ကျည်းလို့ ဆိုထားသလို နွေမှာ ထနောင်ပင် အပင်ရိပ်ဟာ အေးတယ်တဲ့။




တခါက ကိုရင်ဝတ် ဓူဒင်ဆောင်တော့ နေ့ပိုင်းဆို ထနောင်းပင်ရိပ်အောက် တနေကုန်နေဖြစ်ရတဲ့အခါ တခါတရံ ကျလာတတ်တဲ့ ရေမှုန်မွှားလေးတွေတောင် သတိထားမိခဲ့ပါတယ်။ ရှားပင်က အနှစ်များပြီး အသားမာတော့ ထွန်သွားတွေအဲဒီ့အသားနဲ့ပဲလုပ်ကြပါတယ်။ ကျန်တဲ့အပင်တွေကတော့ အသိများတဲ့အပင်တွေပေါ့။ ခရီးပြန်ဆက်ကြစို့ရဲ့..




ဒါကတော့ မုန်တိုင်ဆည်။ မိတ္ထီလာကန်ရဲ့ ရေထိမ်းဆည်။ ငယ်ငယ်က ၄တန်းမှာ ဒီဆည်ကို လေ့လာရေးတခေါက် ရောက်ဖူးခဲ့ပါတယ်။ မှတ်မိနေတာကတော့ ဒီဆည်သာ မဆောက်ဖြစ်ရင် နုန်းမြေတွေနဲ့ ကန်ဟာ ကောသွားမယ်တဲ့။ နောက်ရေလွှတ်တံခါးက ကိုရီးယားနည်းပညာတဲ့။




နောက် ဘုမသဘမသိနဲ့ ဆည်ရဲ့လယ်ရေသောက်ဧရိယာတွေ၊ သိုလောင်ပမာဏ ဘာညာ ကိန်းဂဏန်းတွေ ကူးရေးနေမိခဲ့တယ်။ ဆည်ဘောင်ကြီးပေါ်လျှောက်ကြတော့ ဘောင်ရဲ့တဖက်မှာ ရေမျက်နှာပြင်နဲ့ နီးနီးလေး၊ တခြားတဖက်မှာ ရေလွတ်တဲ့မြောင်းရှိတဲ့ မြေပြင်က ချောက်ကြီးပမာ အနက်ကြီး။ အဲဒီ့တချက်ပဲ ကျွန်တော့အတွက် အံ့ခမန်းဖြစ်ခဲ့ပါတယ်။


ကလေးဆိုတော့ ဒီဘက်က လှောင်ထားတဲ့ ရေပမာနတွေ ဘာတွေမသိ။ အိမ်ရောက်တော့ အမေ့ကို အားပါးတရ ပြန်ပြောနေခဲ့မိတယ်။ ထူးဆန်းတယ် အမေရယ်.. ဘောင်ကြီးပေါ်မှာလေ ဒီဖက်က ရေက လေ နီးနီးလေး၊ ဟိုဖက်မှာလေ ချောက်ကြီးက အနက်ကြီးပဲလို့။ အခု ဒီနေရာရောက်တော့ ပြန်သတိရလို့ ပြုံးမိနေခဲ့ပါတယ်။




ခရီးဆက်ရင်း ချောင်းလေးတွေ တွေ့တော့လဲ ခန ရပ်ဖြစ်ပါတယ်။ တခြား သဘောကျသော နေရာလေးတွေမှာလဲ ရပ်တာပါပဲ။
ဒါကတော့ကြက်မောက်တောင်ဆည်နားက အဆင်းနားမှာရိုက်ထားတာပါ။




ကျောက်ပန်းတောင်းရောက်တော့ လမ်းမှာ ဟိုဟိုဒီဒီနားခဲ့တာများလို့ မရပ်ပဲ ညောင်ဦးကိုဆက်မောင်းပါတယ်။ ကျောက်ပန်းတောင်းနဲ့ ပုပ္ပါးမှလာတဲ့ ဗျတ္တပန်းဆက်လမ်း အဆုံအထိ လမ်းက အတော်ကြမ်းနေတယ်။ နေကလဲ မြင့်လာ နောက်ပြီးတော့ လမ်းကိုလဲ ဂရုစိုက်ရနဲ့ သိပ်မကြည့်အားတော့ပါဘူး။




နောက် နေ့လည်စာအမှီ ညောင်ဦးကိုရောက်လာပါတယ်။ နောက်တနာရီလောက်နေတော့ မန္တလေးမှအဖွဲ့လဲ ရောက်လာပါပြီ။ နေ့လည် တရေးတမောအိပ်ပြီးတာနဲ့ ဘုရားဖူးဖို့ အသင့်။ လူကြီး ၇၊ ကလေး ၆၊ ပေါင်း ၁၃ ရောက် ဗျ။း)

Thursday, December 22, 2011

ပျော်သောနေ့...





အိမ်ပြန်ရောက်နေချိန်မှာ မြန်မာနေ့တွေ ရက်တွေပဲ စိတ်ထဲမှာ ထင်ထင်ရှားရှားသိနေမိခဲ့ပါတယ်။ အရင်ပြောခဲ့သလိုပဲ လပြည့်ဖို့ ၃ ရက်အလိုတို့၊ လပြည့်တို့ ၊ လပြည့်ကျော်တို့ပဲ ပြောဆိုသုံးစွဲနေမိပါတယ်။ ပြန်ရမဲ့ ရက်တွေကို အမြဲ သတိပေးနေတဲ့ နိုဝင်ဘာ ဘယ်နှစ်ရက်ဆိုတာတွေကို ပြတ်ပြတ်ထင်ထင် သိမနေချင်ခဲ့။ အမေနဲ့နီးနေတာကလဲ တကြောင်းပေါ့။


အမေကတော့ ငယ်စဉ်ထဲက အသားကျ သုံးစွဲလာခဲ့တော့ သူ့မွေးနေ့ကိုတောင် အင်္ဂလိပ် သက္ကရာဇ် ဘယ်လို၊ ဘယ်လောက်ဆိုတာ သိပြီးမှတ်သားထားခဲ့ပုံမပေါ်။ အကိုတွေကအစ၊ ကျွန်တော်အဆုံး သားတွေရဲ့ မွေးနေ့အတွက် ကုသိုလ်လုပ်တာလဲ အမြဲတမ်း မြန်မာလဆန်း၊ လပြည့်ကျော် မွေးရက်တွေအတိုင်း လုပ်လေ့ရှိပါတယ်။


ဒီနောက်ပိုင်း တခါတရံ ကျွန်တော်က အဝေးမှာ မိသားစုရယ်၊ အပေါင်းအဖေါ်တွေနဲ့ မွေးနေ့လုပ်ပြီး တပတ် ၂ ပတ်လောက်နေမှ အကိုက ဖုန်းဆက်ပြီး မနေ့က မင်းရဲ့မွေးနေ့မှာ ဘာကုသိုလ်၊ ဘယ်မှာလုပ်ဖြစ်တာ ၀မ်းသာ သာဓုခေါ်ရအောင် အမေက ပြောခိုင်းလို့ဆိုပြီး ဖုန်းဆက်လာလေ့ရှိပါတယ်။ တခါတလေ ကျွန်တော်သတိမထားမိပဲ မြန်မာလိုမွေးနေ့ဟာ လွန်သွားလေ့ရှိပါတယ်။


အခုတခါတော့ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့ အိမ်မှာနေဖြစ်မဲ့အချိန်ထဲမှာ အမေ့မွေးနေ့က ကျနေပါတယ်။ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်နေ့၊ အသက် ၈၂ နှစ်ပြည့်တဲ့နေ့။ ၀မ်းသာစွာနဲ့ အနီးမှာရှိတဲ့ မဟာစည် သာသနာ့ရိပ်သာမှာ ဘုန်းကြီးများအတွက် နေ့ဆွမ်းနှင့် အချိုပွဲ၊တရားထိုင်သူယောဂီတွေရယ်၊ အမေ့ရဲ့ တရားထိုင်ဖေါ်ထိုင်ဖက်တွေရယ်၊ ရပ်ဆွေရပ်မျိုးတွေရယ် အတွက် နေ့လည်စာ၊ မုန့်နဲ့ စားစရာတွေ လှူဖြစ်ခဲ့ပါတယ်။





ညရောက်တော့ တအိမ်လုံး ဆိုင်သွားစား၊ ပြီးတော့ တမြို့လုံးမှာရှိတဲ့ အမေဖူးချင်တဲ့ဘုရားတွေ၊ တနေရာပြီးတနေရာ လိုက်ပို့ပေးခဲ့ပါတယ်။ သူ တနေ့လုံး ပျော်ပြီး ကြည်နူးနေတဲ့မျက်နှာနဲ့။ အဲဒီ့နေ့ဟာ ကျွန်တော့အတွက် သိပ်ဝမ်းသာစရာကောင်းပြီး ပျော်ခဲ့ရတဲ့ တနေ့ပေါ့…

Wednesday, December 21, 2011

စေတနာ...




အိမ်ရောက်တဲ့အချိန်က တကယ့်အချိန်ကောင်းပါပဲ။


တန်ဆောင်မုန်းလပြည့်ဖို့ ၃ ရက်ပဲအလို။ အေးပြီး ကြည်လင်နေသော ရာသီဥတု။ ဆောင်းရနံ့နဲ့အတူ နေရာတကာမှာလဲ ကထိန်ပွဲ ကြီးငယ်တွေအတွက် တာစူနေကြပြီ။ ဒီတော့ ကျွန်တော်တို့အိမ် ပတ်ဝန်းကျင်အိမ်တစုကလဲ ကုသိုလ်စိတ်လေးတွေ တဖွားဖွားဝင်နေကြပြီ။ ဒီတပတ် ဘာလေးများလုပ်ပြီး ဘုန်းကြီးကျောင်းပို့၊ အိမ်နီးနားတွေဝေရပါ့မလဲဆိုတာ အကြံထုတ်နေကြပါပြီ။


ကျွန်တော်တို့ရောက်တဲ့နေမှာပဲ သိပ်မဝေးလှတဲ့တအိမ်က မုန့်ဆီကြော်လုပ်ပြီးဝေတယ်ဗျ။ သိပ်ဝမ်းသာမိတာပဲ။ ဘယ်အသက်အရွယ်က နောက်ဆုံးစားဖြစ်ခဲ့လဲဆိုတာ ရေးရေးလေးတောင် မမှတ်မိတော့တဲ့မုန့်ဗျ။




လပြည့်ကျော်လာသည်အထိ တအိမ်ပြီးတအိမ် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ စသည်ဖြင့် မရိုးရ မတူရအောင် လုပ်ပြီးဝေကြပါတယ်။ ကျွန်တော်တို့မှာလဲ အစီအစဉ်တခုရှိပါတယ်။ ရက်ကလေးက နဲနဲ လိုသေးတော့ အသာပဲ ဝေတဲ့မုန့်တွေ စားရင် စောင့်နေကြတာပေါ့။ အညာတ၀ိုက်မှာတော့ ဒီလိုပဲ အိမ်နီးချင်းကို ခင်မင် အလေးထားပြီး စကားလုံးသုံးတာကိုတောင် ရပ်ဆွေရပ်မျိုး လို့သုံးကြပါရဲ့။


တအိမ်နဲ့တအိမ် တကယ်လဲ စောင့်ရှောက်ကြပါတယ်။ ဘေးအိမ်ကဆို ကျွန်တော့်အမေကို အတော်ဂရုစိုက်ကြပါရဲ့။ အမေက အသက်အတော်ရနေပြီဆိုတော့ သူတို့က အိမ်မှာ ကိုယ့်အိမ်အမှူ့ ကိုယ်ပြုနေရင်းက နေ့ခင်းလောက်အထိ အမေ့ကို အိမ်ရှေ့ အိမ်နောက် မမြင်မိဖူးထင်ရင် အိမ်ရောက်လာတော့တာပဲ။ ဘာဟင်းချက်လဲ ဘာလဲမေးရင်းနဲ့ပေါ့။ တကယ်တော့ မာရဲ့လား ဆိုတာ လာကြည့်တာ။


ကိုယ်မိသားစုနဲ့ကိုယ်၊ ထို့အတူ အသိပညာရယ်၊ စီးပွားရေးရယ်၊ ၀သီလေးတွေရယ် ကွဲကြတော့ အမြင်မှာ တည့်တာရှိ မတည့်တာရှိပေမဲ့ တဦးအပေါ်တဦးထားတဲ့ စေတနာတွေကတော့ သိပ်မြင်သာပါတယ်။ပြောပြရအုံးမယ်..


တမနက်မှာ အိမ်ရှေ့ကို မီးသွေးလှည်းတစီးရောက်လာတယ်။ အနီးအနားက ရွာကထင်ပါတယ်။ နွားလှည်းပေါ်မှာ မီးသွေးတင်ပြီး လမ်းကြိုလမ်းကြား လှည့်ရောင်းနေတာပါ။ အိမ်ရှေ့ရောက်တော့ အမေက အပြင်ထွက်ရင်း ဘယ်လိုရောင်းလဲ မေးတော့ တအိပ်ကို ၂၇၀၀ တဲ့။ မီးသွေးအိတ်အရွယ်က အလတ်စား၊ ဆန် တတင်းခွဲဝင်တဲ့အိတ်ကို အပြည့်ထည့်ထားတာ။


အမေက မြင်နေရတဲ့ အပေါ်ပိုင်း မီးသွေးကိုကြည့် အိတ်ကို ဟိုစမ်းဒီစမ်းလုပ်ပြီး ၂၀၀၀ ရရင် ၂အိပ်ယူမယ်ဆိုပါတယ်။ ရောင်းတဲ့သူက မရဘူး နဲနဲထပ်တိုးပေးပါဆို တော့ အမေက “ကွယ်.. အမေလဲ အမေနိုင်တဲ့ဈေးပေးတာ.. ” လို့ ပြောပြီး အိမ်ထဲပြန်ဝင်သွားတယ်။အမေ့ကို ကြည့်ရတာ မသိမသာစောင့်ကြည့်နေတာမျိုးမဟုတ်ပဲ ဟိုးအိမ်အနောက်ဖေး မီးဖိုချောင်အထိ တန်းတန်းမတ်မတ်ကို ပြန်သွားတာ။


ကျွန်တော်ပဲ အိမ်အရှေ့မှာ ရှိနေတော့တယ်။ လှည်းကို ဓါတ်ပုံရိုက်ချင်လို့ မယောင်မလည်နဲ့ စောင့်နေပေမဲ့ အခြေအနေက ဘာမှန်းမသိ။ မရိုက်ရဲသေး။ လှည်းမှာ ပါလာတဲ့နှစ်ယောက်ကလဲ သူတို့အချင်းချင်း စကားကို အသံအုပ်အုပ်နဲ့ပြောလိုက်ကြ၊ တခါတလေ ရီနေကြနဲ့။ အမေလဲ အမေနိုင်တဲ့ဈေးပေးတာ ဆိုတဲ့ အမေပြောခဲ့တဲ့ စကားလဲ သူတို့ဆီက တစွန်းတစ ကြားနေရပါတယ်။


နောက်အတော်ကြာမှ ကဲကဲ..အမေ အိတ်ရှိလား၊ လှည်ရအောင်.. လို့ ပြောသံထွက်လာတယ်။ ဒါနဲ့ကျွန်တော်လဲ အမေ့ကိုမေးမို့ အိမ်ထဲဝင်တော့ အမေက မီးသွေးထည့်နေကြ အိတ်နှစ်လုံး အသင့်ကိုင်ပြီး မီးဖိုထဲက ထွက်လာတယ်။ သူက အဲဒီ့သွား အိတ်ရှာနေတာကိုး။


ကျွန်တော်က အိတ်၂လုံး သူတို့ဆီသွားပေးတော့ သူတို့က အိတ်ဖိုးပေးပြီး အိတ်ပါယူထားလိုက်ပါလားလို့ပြောတယ်။ ကျွန်တော် သိပ်ဘ၀င်မကျ ဖြစ်သွားပါတယ်။ လျှက်တပြက် ၀င်လာတဲ့အတွေးက အိတ်ပေါ်မှာပါ အမြတ်တင်ချင်လို့လားဆိုတဲ့အတွေးနဲ့။ ဘာလို့လဲဗျလို့မေးတော့ သူတို့က ဒီအိတ်တွေက ဆွေးနေပြီတဲ့။ တကယ်လို့ အိပ်မ၀ယ်ချင်ဘူးဆိုရင် ဘယ်မှာထားမှာလဲပြပါတဲ့။ သူတို့ မီးသွေးအိပ်တခါထည်းသယ်လာပြီး ထားမဲ့နေရာမှာတခါထည်းချ၊ လှည်မှရမယ်။ နေရာအရွှေ့မခံတော့ဘူးတဲ့။


သက်သေပြတဲ့အနေနဲ့ အိတ်အပေါ်ထောင့်ကို လက်နဲ့အသာဆွဲပြတာ အဟုတ်ပဲ အိတ်ကဆွေးနေတာ တွေ့ရတယ်။ အမေက သပ်သပ်ရပ်ရပ် ခေါက်ပြီး သိမ်းထားခဲ့တာ ဘယ်လောက်ကြာပြီလဲမသိ။ အမြင်မှာကောင်းနေပေမဲ့ တကယ်တမ်းတော့ ဆွေးနေပြီ။ ကျွန်တော် စိတ်မကောင်းဖြစ်သွားမိတယ်။ သူတို့က တကယ်တော့ စေတနာနဲ့ ပြောနေတာပဲ။


ဒါတွေကြားတဲ့ အမေက နောက်ထပ် အိတ်အသစ် ၂ လုံးထပ်ထုတ်လာတော့ အဆင်ပြေသွားတယ်။ သူတို့ မီးသွေးအိတ်တွေ အိမ်ထဲကူပို့နေတုန်း၊ လှည်းမှာလူရှင်းခိုက်ကို အခွင့်ကောင်းယူပြီး ကျွန်တော်ဓါတ်ပုံရိုက်ဖို့ ပြင်ပါတယ်။ ဒါကိုလဲ လှမ်းမြင်ရော.. ဓါတ်ပုံရိုက်မလို့လားဗျ.. ခနလေး ခနလေးဆိုပြီး လှည်းဆီအမြန်လာကာ လှည်းပေါ်တက်ပြီး အဆင်သင့်စောင့်နေတယ်။ ဒါနဲက သူပါ ပါတဲ့ ပုံ ၂ ပုံလောက်ပဲ ရိုက်ခွင့်ရခဲ့တယ်။


ဘယ်လိုကြည့်ကြည့် ရိုးသား၊ စေတနာပါသော မျက်နှာကြီးက ထင်းထင်းကြီး...

Saturday, December 17, 2011

အတွေးများစွာဖြင့်..




နောက်တနေ့တော့ မိထ္တီလာကို သွားကြပါတယ်။

အမေ့အိမ်အပြန်ခရီးဆိုပါတော့ဗျာ။ ပျော်စရာကောင်းတဲ့ မျှော်လင့်ချက်တွေကတလှည့် စိတ်ရဲ့ ထောင့်တနေရာက ဟိုတွေးဒီတွေး တွေးပူရင်း ပေါ်လာတတ်တဲ့ ဟိုလိုမမြင်ရပါစေနဲ့ ဒီလိုမမြင်ရပါစေနဲ့ဆိုတဲ့ မမျှော်လင့်မှူ့တွေကတလှည့် နဲ့..
အိမ်ကတော့ ကွန်ကရစ် လမ်းအသစ်ကနေသွားကြည့်ပါ့လားတိုက်တွန်းပေမဲ့ မသွားလို။ သိနေ ရင်းနှီးနေပြီးသား လမ်းပဲ ကောင်းမည်ထင်သည်။ စိမ်းစိုလှပနေသော လမ်း...



ကျောက်ဆည်တ၀ိုက်နဲ့ ကူမဲအနီးအနားဟာ ဆည်ရေရလို့ လမ်းဘေးတွေမှာ စပါးခင်းတွေ။
တလမ်းလုံးလဲ ရင့်မည့်နေတဲ့ စပါးခင်းတွေရယ်၊ မှည့်လုလု စပါးခင်းတွေရယ်က မျက်စိတဆုံး။









တနေရာမှာ ရိတ်ပြီးတော့ တဆက်ထည်း ခြွေလှေ့ပြီးပုံထားတာကိုလဲ တွေ့ရပါတယ်။ သူတို့အတွက်တော့ အချိန်အခါမဲ့ မိုးသားတွေတက်လာရင် ရင်ပူလာရစေသော အချိန်တွေ ကုန်ဆုံးလုနေပြီပေါ့။




အဲဒီ့ဆည်ရေသောက်လယ်မြေတွေလွန်လာတော့ ယာမြေတွေ။ ဆောင်းသီးနှံတွေစိုက်ဖို့ ပြင်နေကြပြီ။ တလောက မိုးဆက်တိုက်ရွာထားခဲ့တော့ ထွန်ပြီး ပျိုးကြဲဖို့ အဆင်သင့်ဖြစ်နေပြီ။ ဆန္ဒတွေရယ် မျှော်လင့်ချက်ပေါင်းများစွာရယ်နဲ့ တာစထွက်ကြပြီ။



အိမ်ရောက်လို့ ကျွန်တော်တို့ကိုလဲမြင်ရော.. အမေ့မျက်နှာက ပြုံးလို့.. သူ့ကုလားထိုင်နံဘေးမှ ခရေပန်းပွင့် အကြွေလေးတွေကလဲ မွှေးလို့…

Saturday, December 10, 2011

မန္တလေးမှာ..



မန္တလေးမှာ နေခဲ့ရတဲ့ရက်တွေကတော့ သိပ်ထူးခြားလှတယ်ရယ်လို့မရှိ။ အရင်တုန်းကလိုပဲ နယ်ခံ အိမ်သူ အိမ်သားတွေနဲ့ တသားထဲ ကိုယ်နေတတ်သလို၊ နေခဲ့သလိုပဲ နေ့တွေဖြတ်သန်းခဲ့တာပေါ့။ ပြောစရာတခုကတော့ အဝေးရောက်နေချိန်မှာ ဒီလိုပြန်နေချင်စိတ်ကလေး ပြင်းပြနေခဲ့တော့ အလိုက်အထိုက်နဲ့ နေ့တွေကုန်သွားတာမျိုးမဟုတ်ပဲ၊ ခံစားနှစ်သက်စွာ ကုန်စေခဲ့ပါတယ်လို့တော့ ပြောရမှာပါ။ အတော့ကို စိတ်အေးချမ်းခဲ့ပါတယ်။

မနက်ဆို နိုးစက်အသံကြောင့်မဟုတ်ပဲ အိပ်ရေးဝပြီး နိုးလာတာကိုက အရသာ။ ၆ နာရီ ခွဲလောက်ဆို အားလုံး နိုးနေကြပြီ။ စိတ်ကြည်လင်နေစေတဲ့ မနက်ခင်းများပါပဲ။ အိမ်ကအဖွဲ့တွေကတော့ မနက်စာအဖြစ် ထမင်းပူပူဆီဆမ်း၊ အကြော်နဲ့ ပဲပြုတ်ထွက်ဝယ်ပြီး စားလေ့ရှိပါတယ်။ ဒီလိုပဲ ၀င်စားဖြစ်တဲ့ရက်မှာ စားပေမဲ့ များသောအားဖြင့်တော့ အပြင်ထွက်စားတတ်ကြပါရဲ့။ ပြန်ရင် စားမယ်ဆိုပြီး တေးထားတဲ့ စားစရာတွေက မနည်းလှ။ အဓိက မြီးရှေ နဲ့ မုန့်တီ



အဲဒီ့နှစ်မျိုးထဲက ကျွန်တော်က မုန့်တီကို ပိုကြိုက်ပါတယ်။ ဇနီးကတော့ မန္တလေးသူဆိုတော့ မြီးရှေသမား။ မုန့်တီကို လတ်တလော အကြိုက်ဆုံးဆိုင်က ရွှေပြည်မိုး လက်ဖက်ရည်ဆိုင်၊ နဲနဲလှမ်းပေမဲ့ တကူးတက သွားစားကြပါတယ်။

သွားရ လာရတာကတော့ အတော်ဂရုစိုက်ရတယ်။ အရင် ကျောင်းတက်တုန်းက မန္တလေးကလမ်းတွေမှာ စက်ဘီးနဲ့ ဆိုင်ကယ် အရေအတွက် သိပ်မကွာလှ။ ဆိုင်ကယ်စီးရင် စက်ဘီးသမားတွေကို အတော် ဂရုစိုက် ဦးစားပေးကြပါတယ်။ ဘယ်၊ ညာကွေ့တော့မယ်ဆို မတိုးမိအောင် အချက်ပြကွေ့၊ မီးပွိုင့်တွေဆို မီးစိမ်းပေမဲ့ ဘယ်ကွေ့မဲ့ စက်ဘီး ဆိုင်ကယ်အဖွဲ့တွေရဲ့ အခြေအနေကိုကြည့် ပြီးမှ ထွက်ရတယ်။ အဲဒီတုန်းက အချင်းချင်း နောက်ပြောပြောကြတာက မန္တလေးက မီးပိုင့်တွေမှာ စနစ်ထက် နားလည်မှူ့လိုတယ်လို့ပါ။

အခုတော့ ဆိုင်ကယ်တွေ အရမ်းများနေပြီး နားလည်မှူ့လိုတာက မီးပွိုင့်တင်မဟုတ်တော့ပါ။ တလမ်းလုံးလိုလို ဖြစ်လာပါပြီ။ အကွေ့တွေလဲ ဘာမှအချက်မပြပဲ ဆတ်ခနဲကွေ့၊ ကိုယ့်ရှေ့ကိုလဲ လမ်းအကြားကနေ ဖြတ်ခနဲဝင်နဲ့ အတော်သတိထားရပါတယ်။ အားလပ်ရက်ခရီးမှာ ဘေးမထိအောင် သတိကြီးကြီးနဲ့ သွားလာနေရတာပါပဲ။ တညက ရောက်တဲ့အထိမ်းအမှတ် ၀ိုင်းကြတော့ ဘော်ဒါတယောက် ၀င်ခေါ်ရင်း ဒီဆိုင်ကယ်လေးကို တွေ့လို့ သဘောကျတာနဲ့ ဓါတ်ပုံရိုက်လာပါတယ်။



အရင်တုန်းက ကာတွန်းထဲက ဆိုင်ကယ်နဲ့တူတဲ့ Scooter လေးဆိုပြီး သဘောကျလို့ ရိုက်လာတာပါ။ နောက်တော့ သွားရင်းလာရင်းနဲ့ ဒီလိုပဲ Scooter တွေ အတော်များများ စီးနေကြတာ တွေ့လာပါတယ်။ ကျား၊ မ ကြီးငယ်မရွေး စီးနေတာတွေ့လာပါတယ်။ ပုံကလဲ ဓါတ်ပုံထဲကလို ရိုးရိုးပုံသာမက Transformers ဇာတ်လမ်းထဲကလို ချက်ချင်းစက်ရုပ်ဖြစ်သွားမလိုလို ထင်ရတဲ့ ခပ်ဆန်းဆန်း ပုံတွေအထိပါပဲ။

နောက်တနေ့ Perfect မဂ္ဂဇင်းကို အပျင်းပြေ ဟိုဖတ်ဒီဖတ်လုပ်ရင်းနဲ့ ကုန်ပစ္စည်း မိတ်ဆက်သဘောမျိုး ရေးထားတဲ့ စာတပုဒ်တွေ့မှ ဇာတ်ရည်လည်ပါတော့တယ်။ အရင်တုန်းက Scooter ဆိုရင် မိန်းမစီးပဲလို့နားလည်ထားမိခဲ့လို့ နဝေတိမ်တောင်ဖြစ်နေခဲ့မိတာပါ။ နိုဝင်ဘာလထုတ်မှာ စာရေးသူက ၀ိုင်းပါ။ အခုလို ရေးဖြစ်လိမ့်မယ် မထင်မိခဲ့လို ချရေးပြီး မှတ်မလာခဲ့မိ။ မှတ်မိနေသမျှကတော့..

လျှပ်စစ်မော်တော်ဆိုင်ကယ်လို့ဆိုပါတယ်။ Environment Friendly ပေါ့ဗျာ။ ထုံးစံအတိုင်း တရုတ်နိုင်ငံမှ အထိက တင်သွင်းလာပါတယ်။ ဘာနဲ့ ဆွဲဆောင်ပြီးတွက်ပြထားလဲဆိုရင် တကယ်လို့ အင်ဂျင်နဲ့ဆိုင်ကယ် စီးမယ်ဆိုရင် မူလ ၀ယ်တဲ့ ဈေးကိုဖယ်ထား စီးရင်းနဲ့ တနှစ်တာသွားရင်းလာရင်းကုန်တဲ့ ဆီမှာ သုံးရတဲ့ပိုက်ဆံက ဒီမော်တော်ဆိုင်ကယ်ကို ၀ယ်ပြီးစီးရင် အားသွင်းလို့ ကုန်ကျတဲ့ မီတာခပါအပါအ၀င် ဆိုင်ကယ်ဝယ်တဲ့ အရင်းပါကြေတယ်တဲ့။ အခြေခံထားပြီး တွက်ပြသွားတာကတော့ ဒီလျှပ်စစ်ဆိုင်ကယ်၊ ပြန်းမျှ မိုင်၃၀ စီးရင် တခါအားပြန်သွင်းရမယ်။ သွင်းလျှင် မီတာခ ၂ ယူနစ် စာကျမယ်။ တယူနစ်ကို ၂၅ ကျပ်နဲ့တွက်တယ်ထင်ပါတယ်။ အဲဒီမိုင်သုံးဆယ်ကို သုံးစွဲမဲ့ ဓါတ်ဆီ အပြင်ပေါက်ဈေးကနေ နုတ်ပြီးတွက်ပြတာပါ။ ဘက်ထရီက တနှစ်နေရင် ဆားဗစ်ပြန်လုပ်ပေးမယ်ဆိုပါတယ်။ Maintenance free အမျိုးအစား ( ပြည်တွင်းမှာတော့ အိုးခြောက် လို့ခေါ်ပါတယ် )။


အဲဒီ့စာထဲမှာတော့မပါပါဘူး၊ စဉ်းစားကြည့်တာပါ။ ၂ ယူနစ်ဆိုတော့ ဆိုပါတော့ ၁၀၀၀ ၀ပ်သုံးပြီးဖြည့်တယ်ဆို အားသွင်းချိန် ၂ နာရီ။ ဘက်ထရီက ကြာလာရင်တော့ အချိန်ပိုလိုလာမည်။ တခါအားဖြည့်ပြီးရင် ၀ပ်ဆိုက်ဒ်တခုရဲ့ အဆိုအရ စီးချိန် ၄ နာရီကနေ ၆ နာရီအထိ ခံတယ်တဲ့။ အခုတလော မန္တလေးမှာ ရပ်ကွက်တိုင်း ထရန်စဖေါ်မာတွေ လိုက်တပ်နေပြီး မီးအားကလဲ ကောင်းနေပါရဲ့။ ဒါ့ကြောင့် ဒီလို ဆိုင်ကယ်တွေ အတွေ့ရများလာသည်ထင်ပါသည်။


ပြန်ဆက်ရရင် အခုနက ရေးခဲ့သလိုပါပဲ ရောက်စညမှာ အထိမ်းအမှတ်ဝိုင်းတော့ လွမ်းမောခဲ့ရတဲ့ မန္တလေးက အကင်ကို ကိုယ်စားချင်ရာမှာပြီး၊ ပြန်ရောက်မှသာ ဆုံခွင့်ရတဲ့ စည်လေးရယ်နဲ့ ညဥ့်တောင် အတော်နက်သွားရော..

Thursday, December 8, 2011

လူလည်လေး...




လမ်းခရီးတလျှောက် တက်ကြွနေသူတွေထဲမှာ သားကလဲ သူ့အထွာလေးနဲ့သူ ပါနေပါတယ်။
အရင်တခါ ၂ နှစ်သားက မန္တလေးကိုတခါပြန်ပါတယ်။ အိမ်မှာ သူ ကြာကြာနေခဲ့ရတော့ အတူနေ ၀မ်းကွဲ အကိုနဲ့အမကို သူ သိပ်သံယောဇဉ် တွယ်သွားပါတယ်။

အဲဒီ့နောက် ဒူဘိုင်းကို သူပြန်ရောက်စ အချိန်တုန်းက ဆိုပါလျှင် သနားစရာ။ အခန်းထဲမှာ တယောက်ထဲ ကစားနေစဉ် တံခါးဖွင့်လိုက်လို့ အောက်က ကလေးတွေရဲ့ အသံများကြားရလျှင် မျက်နှာလေး ၀င်းသွားပြီး ကိုကိုအိမ်ပေါ်တက်ခဲ့လေ..၊ ညီလေးအိမ်ပေါ်မှာလေ..လို့ အော်ရှာပါတယ်။ အခုဒီအပြန်ခရီးကို သူကမှတ်မိနေတော့ ကိုကိုတို့ဆီသွားနေတာနော်၊ မမ တို့ဆီသွားနေတာနော်လို့ မကြာခန တိုင်တည်နေလေ့ရှိပါတယ်။ အခု ကားပေါ်ရောက်တော့လဲ ထုံးစံအတိုင်း ပျော်နေတဲ့အသံလေးနဲ့ တတွတ်တွတ်မေးနေတုန်းပါပဲ။

အိမ်က ထိုင်ခုံကြိုဖြတ်ပေးထားပြီး သူတို့စီစဉ်ပေးထားတာက နှစ်ယောက်ခုံရယ်၊ အဲဒီ့နောက်ကခုံရယ်။ ဒီတော့ သူတို့သားအမိနှစ်ယောက်က အရှေ့က၊ ကျွန်တော်က အနောက်ကခုံ။ ရုပ်ရှင်ကြည့်လိုက် သူတို့နှစ်ယောက်သား စကားပြောလိုက်နဲ့၊ နောက်တော့ သားက တဖြေးဖြေးအိပ်ချင်လာတယ်။ ငိုက်မြည်းနေတဲ့သူ့ကို အမေဖြစ်သူက နှဖူးလေးသပ်ရင်း .. အိပ်အိပ်သားရေ၊ အိပ်ပြီးနိုးတာနဲ့ မမတို့နဲ့တွေ့ရမှာ လို့ပြောပါတယ်။ အိပ်ဖြစ်အောင်အိပ်ဖို့ တွန်းအားပေးတဲ့သဘောပေါ့။ ဒီစကားက အတော်တာသွားပါတယ်။

စင်းနေတဲ့မျက်လုံး ဖျပ်ခနဲပွင့်လာပြီး၊ ကိုကိုနဲ့ မမနဲ့ တွေ့ရမှာနော်လို့ အားတက်သရောမေးပါတယ်။ ပြီးတော့ တီဗီအသံကြောင့် ပြန်ထိုင်၊ ဆော့လိုက် စကားပြောလိုက် လုပ်ပါတယ်။ ကြာလာရင်ပြန်ငိုက်၊ အိပ်ပျော်လုလုအချိန်ရောက်တော့ သူပြန်သတိရပြီး အိပ်ပြီးရင် ပြန်တွေ့ရတော့မှာနော်မေးကာ ပြန်တက်ကြွ၊ လုံးလည်ချာလည်လိုက်နေပါတော့တယ်။ ကြာတော့ သူ့အမေနဲ့ သူနဲ့ မတည့်ချင်တော့။

ဒီအချိန်မှာ ကျွန်တော် ကားမီးရောင်နဲ့ မိုင်တိုင်တွေကြည့်လိုက်တော့ နားမည့်နေရာနှင့် သိပ်မဝေးလှတော့။ မိုင်၉၀ ကျော်နေပြီ။ ဘေးကတယောက်ကလဲ အိပ်မောကျနေပြီ။ ဒါနဲ့ သားကိုနောက်ခုံဆီခေါ်၊ ရင်ခွင်ပေါ်တင်ထားပြီး တက်ကြွနေတဲ့သားကို စကားတွေ ပြောခိုင်းတော့တာပါပဲ။ ဘယ်လိုကစားမှာလဲ၊ ကိုကိုနဲ့အရုပ်ဆိုင်တူတူသွားမှာလား၊ စသည်ဖြင့်ပေါ့။ သူ့ကို အားရကျေနပ်သွားတဲ့အထိ တခုပြီးတခုမေး သားကလဲ သူသိသလောက် မှတ်မိသလောက် အားပါးတရဖြေ၊ သူ့အသံလေး ကျယ်လာရင် ဘေးကအိပ်နေသူ အနှောက်အယှက်မဖြစ်အောင် ရှုးတိုးတိုးလုပ်နဲ့ ကားနားတဲ့နေရာအထိပါပဲ။

ကားနားတဲ့အချိန်မှာ သူ့ကို ဗိုက်ကလေး တင်းနေအောင် ကျွေးလိုက်တော့ ကားပြန်ထွက် ပြီးမကြာခင် အိပ်ပျော်သွားပါတယ်။ ဒီအချိန်မှာ တီဗီပြနေတာကလဲပြီးပြီဆိုတော့ သူအနှောက်အယှက်မရှိ အိပ်လို့ရသွားတာလဲပါပါမယ်။ မန္တလေးရောက်မှပဲ သူနိုးပါတော့တယ်။

တကယ်တော့ သားဟာ တလမ်းလုံး တချက်မှ မငိုခဲ့၊ ဂျီမကျခဲ့၊ သဘောကောင်းစွာပဲ လိုက်လာခဲ့တာပါ။ သူလိမ္မာလို့ ကျွန်တော်တို့နှစ်ယောက် အတော်သက်သာခဲ့ရတာပါပဲ။ အဲ.. မန္တလေးရောက်တော့ ပိုပြီးတော့တောင် လိမ္မာသွားရော။

အကိုနဲ့ဆော့လိုက် အမနဲ့ဆော့လိုက်နဲ့ ကျွန်တော်တို့အနားမကပ်တဲ့အပြင် အခေါ်တောင်မခံတော့။ တခါတလေ စိတ်လိုလက်ရရှိလို့ သားသားရေ ဖေကြီးဆီလာပါအုံးဆိုရင်တောင် မလာပဲ ပြုံးပြုံးနဲ့ ခေါ်ဘူး၊ ချစ်ဘူးလို့ပြောပါတယ်။

အရင်က ခေါက်ဆွဲဆိုရင် သူ့ဘာသူ ကောင်းကောင်းစားပြီး ထမင်းကျွေးလျှင် ယီးလေးဆွဲပြီး အကြာကြီးစားတတ်တဲ့သူ။ အခုတော့ ထမင်းစားချိန် မှာသူ့ထမင်းပန်းကန်ဆွဲ သူ့အန်တီဆီသွား တီတီကျွေးပေးပါဆိုပြီး ရင်ခွင်ပေါ်တက်ထိုင်တော့တာပါပဲ။ ဒီတော့ အိမ်ကအဖွဲ့တွေကလဲ ချစ်ကြပါတယ်။ ကျွန်တော်တို့နှစ်ယောက် အပြင်ထွက်မယ်ဆိုမှ ယီးတီးယားတားနဲ့ အနားကပ်ပါတယ်။

ဒီလူလည်လေးကြောင့် ကျွန်တော်တို့ မန္တလေးမှာ အတော်အနားရပါတယ်။

Monday, December 5, 2011

ခေတ္တ ရန်ကုန်




ရန်ကုန်ရောက်တော့ ပင်ပန်းနေကြပေမဲ့ အနီးအနား တပတ်တော့လျှောက်ဖြစ်ပါတယ်။ လက်ရွေးစင်အရှေ့ကလမ်းလေးပါ။ ရောက်လေတိုင်း ငေး၊ မုန့်ဟင်းခါးအနံ့လေးကလဲမွှေးနေသလို၊ ဇနီးသယ်ကလဲ ဟယ်အသုပ်၊ ဟယ်ရခိုင်မုန့်တီ စသည်ဖြင့် ဈေးတန်းအစအဆုံး တမျိုးပြီးတမျိုး အားပါးတရ ရေရွတ်လာပါတယ်။

နောက်နေ့ စောစောထပြီး ရွှေတိဂုံဘုရား သွားချင်တာနဲ့ သိပ်မသွားဖြစ်ပဲ နီးနီးနားနားက ဆိုင်မှာစားပြီး ပြန်လာခဲ့ပါတယ်။ သို့ပေမဲ့ မနက်စာစားပြီး တည်းခိုခန်းက ထွက်လာတော့ ၈ နာရီလောက်ရှိနေပါပြီ။ သွားနေတဲ့ တက္ကစီတစီးလှမ်းတားပါတယ်။ တက္ကစီငှားရင် အခုအချိန်အထိ မနက်သွား၊ ညရပ် ဆိုတဲ့ဖေါ်မြူလာကိုယုံတုန်းပဲ။ မှန်သေးလား၊ မမှန်တော့ဘူးလား မသိတော့ပါဘူး။ ကားတစီးတားပြီး ဘုရားကြီးသွားမယ် ဘယ်လောက်လဲ ခပ်တည်တည်မေးပါတယ်။ ကားမောင်းသူက ဘာမှမပြောခင် ဇနီးသယ်က ရီသံတ၀က်နဲ့ ရွှေတိဂုံကိုသွားမှာလို့ ၀င်ပြောပါတယ်။ ပြောတဲ့ဈေးက မျှော်လင့်ထားသလောက်ဆိုတော့ အဆင်ပြေစွာနဲ့ပဲ ငှားဖြစ်သွားပါတယ်။ ဘုရားပေါ်ရောက်တော့ နေက အတော်မြင့်နေပါပြီ။



ဘုရားရင်ပြင်ပေါ်ရောက်တာနဲ့ စိတ်ရော လူရော အေးချမ်းသွားပါတယ်။ စေတီတော်ကြီးဟာလဲ ဖူးမျှော်လို့ မ၀နိုင်၊ ဒီတော့ ကွန်တော်တို့မိသားစုထဲက တယောက်ရဲ့ မွေးနေ့ထောင့်မှာ ရှိခိုးကန်တော့လိုက်၊ ပြီး အနီးနားမှာရှိတဲ့ ဇရပ်လေးသွားထိုင်ပြီး စေတီတော် ကြည်ငြိုလိုက်၊ ဟိုဟိုဒီဒီသွားလာနေသူတွေကြည့်လိုက်၊ နောက် မွေးနေ့တထောင့်၊ တခါပြန်ငေး၊ ဒီလိုပဲ ကြည်နူးစိတ်လေးကို တတ်နိုင်သလောက် အချိန်ဆွဲဆန့်နေမိပါတယ်။
အတူဘုရားဖူးလာသူတွေလဲ ထပ်တူခံစားချက်မျိုးကိုယ်စီနဲ့။ ဟိုဟိုဒီဒီကြည့်နေစဉ်မှာ အဘိုးအိုတယောက် လာနေတာကိုတွေ့လို့ ငေးမိသွားတယ်။ အသက်ကြီးတော့ လမ်းလျှောက်လာနေတာ ကြည့်ရတာ အတော်နုန့်နေပါပြီ။ တနေရာရောက်တော့ မောလို့ ခနနားပါတယ်။




ဒီလို စိတ်အေးချမ်းမှူ့၊ ကြည်နူးပျော်ရွှင်မှူ့ ငြိမ်းအေးကြည်ညိုမှူ့တွေ ပေးစွမ်းနိုင်တဲ့ သပ္ပါယ်စွာတည်နေတဲ့ ဘုရားအဖြစ်ကို ထိမ်းသိမ်းစောင့်ရှောက်နေသူတွေအထဲက တယောက်ကိုတွေ့လို့ ဓါတ်ပုံတပုံရိုက်ခဲ့မိပါတယ်။ ကြည်ညိုမှူ့ သဒ္ဒါတရား ကတော့ အတော်အားသာနေသူပါပဲ။ အကယ်၍ ၀မ်းရေးကြောင့် လုပ်တယ်ဆိုရင်တောင် သူ့ရဲ့စေတနာက သိပ်မြင်သာပါတယ်။




ဘုရားဖူးပြီးတော့ အသိတယောက်အိမ်ကိုသွားပါတယ်။ သူက ပင်းတယဖက်က လာခဲ့တာဆိုတော့ သူတို့ပုံမှန်စားနေကြ ရှမ်းခေါက်ဆွဲ ချက်ကျွေးပါတယ်။ အရသာက ကျွန်တော်တို့အတွက် တမျိုးတဘာသာထူးနေတော့ အတော်စားကောင်းခဲ့တယ်။ နောက်တော့ အခန်းကိုပြန်လာပါတယ်။ လမ်းသင့်တော့ ရွှေပုစွန် ခန၀င်ပါတယ်။ မြို့ရောက်နေမှတော့ ဖွာလူဒါ မသောက်လို့ ဘယ်ဖြစ်မလဲ။

နောက် ညနေစောင်းလာတော့ အခန်းပြန်ပြီး အထုတ်အပိုးတွေပြင်တော့တာပါပဲ။ ဇနီးသယ်က ထပ်တိုးကုန်တွေကြည့်ပြီး အတော်စိတ်ညစ်နေပုံရပါတယ်။ ဘယ်ကစ ဘာလိုပြန်ထုပ်ရမလဲ မသိဘူးလို့ တတွတ်တွတ် ရေရွတ်ရင်းနဲ့ပေါ့။ ဘာကြောင့်လဲဆိုတာကိုသိလို့ ရန်ကုန်မန်းလေး ကားကတော့ ကီလိုမချိန်ပါဘူးလေ လို့ ကျွန်တော်ကပြောတော့ သူသဘောပေါက်ပြီး ဟက်ဟက်ပက်ပက်ရီပါတယ်။ ကျွန်တော်တို့မှာ အိပ်အကြီးကြီး တလုံးပါလာပါတယ်၊ ခရီးစဉ်အစမှာ ၂၅ ကီလိုချိန်ထည့်ထားတော့ အိပ်က ခပ်ပျော့ပျော့ပဲရှိနေသေးပေမဲ့ အခုအချိန်အထိ သူ့စိတ်ထဲမှာထပ်ထည့်လို့မရတော့ဘူးလို့ စွဲနေသေးပုံရပါတယ်။

ဒီလိုနဲ့ ညရောက်တော့ ကျွန်တော်တို့ဟာ မန္တလေးဆီ ဦးတည်ပြီးသွားနေတဲ့ ကားကြီးပေါ်မှာ အငြိမ့်သားပေါ့ဗျာ…

Thursday, December 1, 2011

… စရန် …




သိသော၊ တတ်သော၊ နားလည်သော သူတွေကတော့ မင်းနှယ်ကွယ်၊ ဒီအကြောင်းများ တဖွဲ့တနွဲ့ ရေးနေရတယ်လို့ စသည်ဖြင့် ပြောတော့မှာသေချာသည်။ တခြားမကြည့်နှင့် လွန်ခဲ့သော ၅ နှစ်ခန့်က သူငယ်ချင်းတယောက်က ဘာပြောခဲ့သလဲဆိုတော့ စင်္ကာပူဆိုတာကြီးဆီကို မသေခင် တခေါက်လောက်တော့ ရောက်ဖူးချင်တယ်တဲ့။ အခု အဲဒီသူငယ်ချင်းကိုယ်တိုင်က တခါတလေ အွန်လိုင်းမှာပေါ်လာပြီး ဟေ့ရောင် .. နောက်လထဲ ပိတ်ရက်များများရနိုင်စရာရှိလို့ စင်္ကာပူကို လည်ရင်းပတ်ရင်း ဈေးဝယ်ထွက်ရကောင်းမလား စဉ်းစားနေတယ်လို့ တိုင်ပင်သလိုလို ကြွားသလိုလိုလုပ်နေတတ်ပြီ။

ဒီတော့ ကျွန်တော်တို့ခရီးစဉ်ရဲ့ စင်္ကာပူလေဆိပ်ရောက် ခဏနား..နောက်လေယာဉ်စီး ရန်ကုန်ရောက် အပိုင်းကို မြေကြောရှုံ့ရင်း ကဲ ကျွန်တော်တို့ ရန်ကုန်ရောက်ပါပြီခင်ဗျား.. လို့ လုပ်ရတော့မည်။ သို့မဟုတ်လျှင် ဟာသတပုဒ် ဖန်တီးခဲ့သူကို ထိုဟာသ တခြားနေရာမှာ ပြန်ကြားခဲ့သူက မိန်ရေရှက်ရေ ပြန်ပြောကာ ရီပြနေသကဲ့သို့ရှိမည်။

အတော်တော့ အားတင်းရသည်။ စိတ်ဆိုတာက နားလည်ရခက်သည်။ ပြောရရင် ကျွန်တော် ဒီတခေါက် အဲဒီ့လေဆိပ်ရောက်တဲ့အထိ ဓါတ်ပုံ တပုံမှ မရိုက်။ သစ်ခွပင်တွေနဲ့ အမြဲလှပနေတဲ့ ပန်းခြံရှေ့က ခုံမှာ ထိုင်နေတောင် ပန်းခြံကို သိပ်စိတ်မ၀င်စား။ အရင်အခေါက်တွေတုန်းကတော့ ဒီပန်းခြံနောက်ခံထားပြီး ပန်းအမျိုးမျိုးနဲ့ ဇနီးပုံ၊ သားပုံတွေလှည့်ပတ်ရိုက်၊ နောက်ထပ်တခေါက် တယောက်ထဲလာခဲ့တုန်းက ပန်းအမျိုးမျိုးကို ဟိုဘက်ကလှည့်ရိုက် ဒီဖက်ကလှည့်ရိုက်နဲ့ နေခဲ့ဖူးသည်။ ပြီးတော့လဲ အဲဒီ့ပုံတွေ ကွန်ပြူတာထဲ သိမ်းထားခြင်းဖြင့်သာ အဆုံးသပ်သွားသည်။ ဒါ့ကြောင့် အခုအကြိမ်မှာ အာရုံမ၀င်စားတော့။

ဒီလိုပဲ ကြောပေးထိုင်နေရင်း ရှေ့က လမ်းဆုံမှ ဥဒဟို သွားနေတဲ့ ခရီးသယ်တွေပဲ ငေးနေမိသည်။ အဲဒီအချိန်မှာ လေယာဉ်တစီးက ခရီးသယ်တစု လာနေတာတွေ့ပါတယ်။ ကြည့်ရတာ ပြောင်းစီးရမဲ့ လေယာဉ်အချိန်နဲ့ သိပ်ကွာပုံမရ။ တစီးလုံးနီးပါး အတော်သွက်သွက်လျှောက်လာကြတာ တွေ့ရပါတယ်။ အဲဒီအထဲက အသက်၅၀နီးပါး အမျိုးသားနှစ်ယောက်က မပြေးရုံတမယ် ခြေလှမ်းတွေနဲ့ လာကာ ကျွန်တော့်နံဘေးက ထိုင်ခုံမှာ သူတို့အိတ်တွေ လာတင်ပါတယ်။

တယောက်က အိတ်တင်ပြီးတာနဲ့ နောက်က ပန်းခြံကိုသွားပြီး ဓါတ်ပုံတွေရိုက်နေပါတယ်။ နောက်ဘိုးတော်ကတော့ သူ့အိပ်ထဲ ပြာယာပြာယာနဲ့နှိက်ရှာနေရင်း ပါးစပ်က “ Where the hell is my video camera..” ဆိုတာကို တတွတ်တွတ်ရွတ်ရင်းနဲ့ပါ။ ရှာတွေ့သွားမှ ပန်းခြံတပတ်လည် ဗီဒီယိုရိုက်၊ နောက်နှစ်ဦးသား ပြန်လာ၊ အိတ်တွေသယ်ကာ လေယာဉ်ဂိတ်ဆီ အသောနှင်ပါတယ်။ ဒါကိုမြင်ရတော့ ကျွန်တော့စိတ်ထဲ ရောက်တုန်း ဓါတ်ပုံမရိုက်မိခဲ့ရမှာကို လုပ်သင့်တာပဲ မလုပ်မိသလိုလို၊ နှမြောသလိုလို ဖြစ်လာပြီး တပုံနှစ်ပုံလောက် ရိုက်.. နောက် သက်ပျင်းချကာ ပြန်ထိုင် လုပ်မိသွားပါတယ်။ အခုလဲ မြေကြောရှုံ့တော့မယ် ဆုံးဖြတ်တော့ အဲဒီတုန်းကလို ခံစားမိပြန်ပါရဲ့။

ကုက္ကိုတုံး လုပ်ရကောင်းမလားလို့တော့ တခါတလေ စဉ်းစားမိပါတယ်။

ကုက္ကိုတုံးဆိုတာက အမေက ကျွန်တော်တို့ညီအကိုတွေကို ခိုင်းချင် နှိုင်းချင်ရင် သုံးတဲ့ပုံပြင်က စကားပါ။ အတိုချုပ်ကတော့ဗျာ လူတယောက်က ကုက္ကိုတပင်ကိုလှဲတယ်ဗျာ၊ ပြီးတော့ ပင်စည်တပိုင်းကိုဖြတ် ထမ်းပြီးအရပ်ထဲ လှည့်ရောင်းတယ်။ ကုက္ကိုတုံး.. ကုက္ကိုတုံး.. လို့ အော်ရင်းပေါ့။ ဒါကိုမြင်တဲ့ နောက်တယောက်က သူဖြတ်ပြီးသား ကျန်တဲ့ပင်စည် အဖျားပိုင်းကို တတုံးဖြတ်၊ အဲဒီ့လူ နောက် အသောလေးလိုက်၊ မှီလာတော့ ရှေ့ကလူက ကုက္ကိုတုံး.. ကုက္ကိုတုံး.. လို့အော်ရင် သူကနောက်ကနေ ရှေ့ကဟာနဲ့တဖြတ်ထဲ.. ရှေ့ကဟာနဲ့တဖြတ်ထဲ.. လို့ လိုက်အော်ပါတယ်။ ရှေ့လူရောင်းရရင် သူလဲ တဖြတ်ထဲကဆိုတော့ ရောင်းရမှာပဲလို့ သေချာပေါက် အတွေးနဲ့ပေါ့။ ထားပါလေ သူရေးတာ ကောင်းလို့ ကြိုက်ပေမဲ့ ကိုယ့်ကျဖတ်ရတာ ပျင်းစရာကြီးနေမှာပါ..

နောက်တနည်းက ခပ်သောသောလေး စိတ်ဝင်စားအောင် ရေးတဲ့နည်း။ သို့သော် ထိုသို့ရေးနိုင်စရာအဖြစ်ကလဲ များများစားမရှိ။ တခုပဲရှိသည်။

နေ့လည်စာ စားမယ့်ကြံတော့ ဆိုင်တွေကြည့်ရင်း တဆိုင်ကို မျက်စေ့ကျသွားသည်။ ယိုးတယားအစားအစာရသည့်ဆိုင်။ ဆိုင်က မီနူးရလာတော့ အဖုံးက စိတ်ဝင်စားစရာ။ Combo Meal ၄ မျိုးကို အော်ဖာလုပ်ထားတာ။ ဓါတ်ပုံတွေကလဲလှ၊ နောက် ဈေးကလဲ ဘယ်လို တွက်တွက် တန်နေသည်။ သို့နှင့် Combo Meal ၂ မျိုးကို ရွေးမှာလိုက်သည်။

Combo Meal တခုက အသားပြားကြီး ၄ ပြားလောက်ကို လှနေအောင်ထပ်ထားသည်ကို အောက်မှာ ခပ်ဖြူဖြူထမင်းကဲ့သို့အရာ ( Depth နည်းနည်းနဲ့ ရိုက်ထားသောကြောင့် အသားပြားလေးငါးချပ်သာ ထင်းနေပြီး အောက်က ဖြူဖြူလေးတွေက မပြတ်သား၊ နာမည်သေချာတော့ မဖတ်မိ၊ ယိုးတယား အစားအစာပေါ် ယုံကြည်မှု့ရှိသည်၊ စားကောင်းမည်သေချာသည် )၊ နောက် ဒမ်းဆမ်းက ၂ ခု၊ လက်ဖက်ရည်။

နောက်တခုက ရှင်းသည်၊ ခေါက်ဆွဲရယ်၊ အသားမံကြော်နှစ်ခုရယ် လက်ဖက်ရည်ရယ်။

လာချပေးတော့ ခေါက်ဆွဲကတော့မှန်သည်၊ နောက်တခုက ယိုးတယားဆန်ပြုတ်ခွက်။ ချက်ချင်းပြန်ခေါ်ကာ လွဲနေတယ်၊ ငါတို့မှာတာက ဒီဟာဆိုပြီး ပုံထောက်ပြတော့ စားပွဲထိုးမက အသားပြားတွေက အထဲထဲမှာတဲ့။ ဒီတော့မှ စာပြန်ဖတ်တော့ ဟုတ်ပါ့၊ ဆန်ပြုတ်မှ ဆန်ပြုတ်အစစ်။ မသိလို့နော်လို့ ပြောကာ စားပွဲထိုးမ ပြန်သွားမှ စားရင်း ပြောပြီး နှစ်ဦးသားရယ်ကြရင်းနဲ့ပေါ့။

အရသာက တကယ်ကောင်းပါသည်၊ စင်းထားသော အသားစလေးများကိုလဲ ပုံမှာပြထားသည်နှင့် ကွဲနေ၊ နဲနေသည်ကိုလဲ ထောက်မပြလိုတော့။ ငွေရှင်းတော့မှ စိတ်ညစ်ရသည်။ တောင်းသည့်ငွေသည် Combo Meal တွေမှာ စာလုံးအနီနှင့် အကြီးကြီးရေးပြထားသော ငွေနှင့် သိသိသာသာကွာနေသည်။ သေချာကြည့်တော့ ၀န်ဆောင်ခ၊ အခွန်၊ နောက် ပြန်ထုတ်လို့ရသော နောက်ထပ် ထပ်တိုးငွေ၊ ပြန်ထုတ်ပေးနိုင်မှတော့ ဘာလို့များထည့်ပေါင်းထားလဲ မသိလို့ ပြောရင် ညံ့ရာကျမည်ဖြစ်သောကြောင့် မပြောလိုတော့။

ဒီတော့ ဒီအကြောင်းကို ဟာသစွက်ရေးလျှင် ကိုယ်ညံ့သည်ကလဲ ဗူးပေါ်သလို ပေါ်သွားမည်ကို စိုးရိမ်ရသည်။ မဖြစ်တော့။ ပညာပေး အနေနဲ့ တမျိုးပြောင်းရေးချင်လျှင်တော့ဖြစ်မည်ထင်သည်။ ဆိုပါတော့ စင်္ကာပူဆိပ်ရောက်လျှင် တခုခုစားမည်ကြံပါက အောက်ပါ အချက်များ အရင် သတိထားဖို့လိုပါသည် အစချီပြီး အခွန်၊ ၀န်ဆောင်ခ၊ လေဆိပ်မှာ ရီဖန်းလုပ်နိုင်သော အခွန်အကြောင်း အသေးစိတ်ရေး။ ပုံမှာပြထားတာနဲ့ ဟင်းခွက်နှင့် အရသာတူမည်ဖြစ်သောလဲ ပုံစံကွဲလွဲနိုင်သည်ကို မျှော်လင့်ထားဖို့လိုကြောင်း။ ၀န်ဆောင်မှု့စားရိတ်ကို ရှောင်လွှဲချင်လျှင် ကိုယ်တိုင် ငွေချေ၊ ကိုယ်တိုင်ယူစနစ်များရှိသော တချို့ဆိုင်များမှာ စားသောက်သင့်ကြောင်းပေါ့။ သို့သော် ရေးစရာ နဲနေသေးသည်။

နောက်ဆုံးတော့ စိတ်ပိုင်းဖြတ်လိုက်ပါသည်။ တိုတိုပဲ ကျွန်တော်တို့သည် စင်္ကာပူလေဆိပ်မှာ ခနနား၊ နောက် လေယာဉ်ရန်ကုန်သို့စီး၊ လေယာဉ်ပေါ်တွင် ကျွေးတာစား၊ တိုက်သည်သောက်၊ တိမ်တွေငေး ကာ နေရာ သိပ်များစွာမကြာလှ.. ရန်ကုန်သို့ ရောက်ရှိသွားပါသည်။

တိုနိုင်သမျှတိုအောင် ခေါင်းစဉ်ကိုပါ စင်္ကာပူ ရန်ကုန် ခရီး တွေဘာတွေ မလုပ်တော့၊ တိုတိုပဲ စရန်လို့ ပေးလိုက်ပါသည်။