Monday, October 10, 2011

နေနှင့်အုံးပေါ့..

အိုမန်က ဆိုဟာ ( Sohar ) မြို့လေးကို တခေါက်သွားခဲ့ရပါတယ်။ မမျှော်လင့်ပဲ သွားခဲ့ရတာပါ။ အရင်နေ့က မသွားချင်လို့ တခြားသူလွှတ်လိုက်ရာက တရက်နဲ့ ပြီးအောင် မလုပ်နိုင်ခဲ့ပါ။ သို့နှင့် နောက်တရက် ထပ်လွှတ်တော့ သူက ခေါင်းမထူနိုင်အောင် ကိုက်နေပါသဖြင့်ဆိုတာနဲ့ ကိုယ်တိုင်ပဲ သွားခဲ့ရပါတယ်။

အိုမန်ကားအာမခံက သူ့နာမည်နဲ့လုပ်ထားပေးတာဆိုတော့ ကိုယ့်နာမည်အဖြစ် တရားဝင် ပြောင်း၊ အခြေအနေ အသေးစိတ်မေးနဲ့ ထွက်ဖြစ်တော့ ၁၀နာရီကျော်ကျော်၊ စာအုပ်အနီ အိမ်ပြန်ယူရတာနဲ့ ဘာနဲ့ဆိုတော့ အမြန်လမ်းပေါ်ရောက်တော့ မနက် ၁၁ နာရီကျော်နေပါပြီ။






အကူအလုပ်သမား ၂ ယောက်ပါ ခေါ်လာခဲ့လေတော့ လုပ်ငန်းအခြေအနေအရ အလွန်ဆုံး ၁ နာရီလောက်ပဲလုပ်ရမယ်။ ကားမောင်းရချိန်က ထုံးစံအတိုင်း ခပ်မှန်မှန်မောင်း၊ နောက် နယ်စပ် အကူး ဗီဇာလုပ်ရတာကြာချိန်နဲ့ အလွန်ဆုံး ၄ နာရီ လောက်ကြာရင် လုပ်ရမဲ့နေရာကိုရောက်မယ်။ ဒီတော့ ညနေ ၃ နာရီလောက် အလုပ်စ၊ ၄ နာရီကျော်ကျော်မှာပြီးမယ်ပေါ့။ ပါလာတဲ့ အလုပ်သမားနှစ်ယောက်ကို ငါတို့ အလုပ်ပြီးတာနဲ့ ဆိုဟာကိုလည်မယ်လို့ ပြောတော့ သူတို့လဲပျော်နေတာပေါ့။

ဆိုဟာက အရင်က အိုမန်မှာ အကြီးဆုံးမြို့၊ အခုတော့ မြို့တော် Muscat က အလှဆုံး၊ အကြီးဆုံးမြို့ပေါ့။ အဲဒီလိုပဲ အရင်တုန်းက ဆိုဟာက ဆိပ်ကမ်းကလဲ အကြီးဆုံးပါပဲ။ လတ်တလောတော့ ပင်မ Oil refinery စက်ရုံတွေအပြင် ကြေးနီတန်ချိန်အမြောက်အများပါ ဆိုဟာနားမှာတွေ့လေတော့ စက်မှု့လုပ်ငန်းတွေနဲ့ စည်ကားနေတဲ့မြို့လေးပေါ့။ ရှေးကျတဲ့ ဘုရားရှိခိုးကျောင်း၊ ရိုးရာထိမ်းသိမ်းထားဆဲဖြစ်သော ဈေးလေး၊ စသည်ဖြင့် စိတ်ဝင်စားစရာနေရာအချို့လဲရှိပါတယ်။

ဒီတော့ လာရာလမ်းမှာ ကျွန်တော်တို့တသိုက် စိတ်ကူးထဲမှာတော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်ဆိုတာချည့်ပဲ။




အိုမန်နယ်စပ်မှာ ဗီဇာလုပ်တဲ့နေရာရောက်တော့ မထင်မှတ်ပဲ လူရှင်းနေတာကိုတွေ့ရပါတယ်။ လ၀ကမှ အရာရှိက ခဲမှန်ဖူးတဲ့စာသူငယ်ထင်ရပါတယ်။ စာအုပ်အနီပေးလိုက်တော့ မြန်မာမှန်းသိပြီး လူနဲ့ဓါတ်ပုံတိုက်စစ်တဲ့သဘောတောင် မော့မကြည့်ရှာပါဘူး။ ကွန်ပြူတာထဲ ဟိုနှိပ်ဒီနှိပ်လုပ်ပြီး တံဆိပ်တုံးထုပေးပါတယ်။ မြန်မှမြန်။ နောက် ဗီဇာကြေး ငါးဆယ်ကျပါတယ် ဆိုတာတောင် လေသံပြော့လေးနဲ့ပြောလာတယ်။

နယ်စပ်ကထွက်လာပြီး ပထမဆုံးမြို့လေးအရောက်မှာ ထမင်းစားကြပါတယ်။ ဒူဘိုင်းထက် ၃ ဆနီးပါး ဈေးချိုတယ်၊ စားလို့ကောင်းပါတယ်။

ကြိုတင် ခန့်မှန်းထားတဲ့အတိုင်း နေ့လည် ၃ နာရီပတ်ဝန်းကျင်မှာ အလုပ်လုပ်ရမဲ့နေရာရောက်လာပါတယ်။ ဆိုဟာမရောက်ခင် စက်မှု့ဇုံမှာပါ။ လည်ချင်လို့ တက်ကြွနေတဲ့ အလုပ်သမားနှစ်ယောက်ကလဲ တက်တက်ကြွကြွ သွက်သွက်လက်လက်နဲ့။ ဒါဟာ ကံဆိုးခြင်းအစဖြစ်သွားတာပါပဲ။

အလုပ်သမားတယောက် အင်ဂျင်ဖလှိုင်းဝှီးထဲမှာ မြုတ်ထားတဲ့ ဘယ်ရင်တခုကို ဆွဲထုတ်ရာမှာ သုံးတဲ့ကရိယာ ထက်ပိုင်းကျိုးသွားပါလေရော။ အဲဒီတော့ ဘယ်လိုလုပ်ရမလဲဆိုတာကြည့်ပြီး အကြံထုတ်ပါတယ်။ နောက်ဒေသခံတွေဆီမှာ သံပြား ၈မီလီမီတာလောက်အထူကို ၂လက်မကျော်ကျော် အ၀ိုင်းဖြတ်၊ အလယ်မှာ အပေါက်တပေါက်ဖေါက်ပေးပြီး ယူလာပေးပါလို့မှာပါတယ်။ ကိုယ်ပိုင်သဘောင်္ကျင်း အကြီးစားကြီးမှာ ဘယ်နေရာကြည့်ကြည့် အလွယ်တကူရနိုင်တဲ့ သံပြားအသေးလေး၊ အနုစိတ်နေစရာမလို လက်ရာခပ်ကြမ်းကြမ်းဆိုရင်ကိုရပါတယ် ဆိုတာတောင် မယုံမရှိပါနဲ့ ၃ နာရီနီးပါးကြာပါတယ်။

မရသေးဘူလားလို့ ဘေးမှာရှိတဲ့ဒေသခံ အလုပ်သမားကို မေးလိုက်ရင် အဲဒီ့တယောက်ပျောက်သွားပါတယ်၊ နောက်တယောက်မေးရင်လဲ ထိုနည်း၎င်း၊ နောက်ဆုံး ကျွန်တော်တို့ ၃ ယောက်ပဲ စက်အနားကျန်တော့ပါတယ်။ အလုပ်သမားနှစ်ယောက်လဲ မျက်နှာငယ်လေးတွေနဲ့၊ တောက်တောင် မခေါက်ရက်လို့ မြိုချနေရပါတယ်။ နေ၀င်ခါနီးမှ အဲဒီသံပြားလေးရလာပါတယ်

ဒါကတော့ ဇတ်လိုက်ကျော်ကြီးပေါ့..




နောက်ဆုံး တိုတိုပြောရရင်တော့ အလုပ်ပြီးတဲ့အချိန်မှာမှောင်နေပါပြီ။ စမ်းပြပါအုံးဆိုလို့ ဟိုစောင့်ဒီစောင့်နဲ့ ၈နာရီထိုးလုလုမှ အဲဒီသဘောင်္ကျင်းက ထွက်လာပါတယ်။ ဆိုဟာဘက် မျက်စောင်းတောင် လှည့်မထိုးသာတော့။ အလုပ်သမား၂ ယောက်နဲ့ ညစာစားတော့ သူတို့ကတော့ အားရပါးရစားနေပေမဲ့ ကိုယ်မှာကတော့ သိပ်လည်းစားမ၀င်၊ ၃နာရီလောက် မောင်းရအုံးမယ်ဆိုတော့ ငိုက်နေမှာလဲစိုးရိမ်နဲ့။ ဒီလိုနဲ့ .. မအီမသာ ဌာနီကိုသာ ပြန်လာရတယ်၊ နေနှင့်အုံးပေါ့ ဆိုဟာရယ်..