Tuesday, August 30, 2011
လွမ်းသလေလေ့..
ငယ်ငယ်က ဒီလို တော်သလင်းလထဲဝင်လာပြီဆို လွှတ်ပျော်တာပေါ့ဗျာ။ အနယ်နယ်အရပ်ရပ်မှ ၁၂ ပွဲဈေးသယ်တွေ အာရုံထားကြတဲ့ မိတ္ထီလာ ကန်ဘေးက ဖေါင်တော်ဦးဘုရားပွဲ၊  မကြာခင် စတော့မယ်လေ။
ဘုရားကို ဖေါင်တော်ကြီး ( ကရ၀ိတ်ငှက်ပုံ ) တည်ထားပါတယ်။ အဲဒီတော့ အတွင်းပိုင်းမှာ ခန်းမအရှည်ကြီးရှိနေပြီး၊ ဒီခန်းမကို တခါတရံ တရားပွဲကျင်းပရာမှာ သုံးလေ့ရှိပါတယ်။ အဲဒီ့ခန်းမ အစွန်တနေရာမှာ လှေနှစ်စင်းဟာ တနှစ်တာရဲ့ ကျန်တဲ့အချိန်တွေမှာ စဉ်ကြီးပေါ်မှာ မှောက်လျှက် ငြိမ်ငြိမ်သက်သက်နဲ့။ 
အခုလို တော်သလင်းလထဲရောက်လာရင်တော့ လှေနှစ်စင်းကို  ပွဲညှက်တွေနဲ့ဖာ.. အနက်ရောင် အောက်ခံ အနီရောင် ဘောင်အနားသပ်တွေကို ဆေးအသစ်သုတ်ပါတယ်။ လပြည့်ခါနီးလို့ ဘုရားပွဲနားနီးလျှင်သူတို့ဟာ ခန်းမအလယ်မှာနေရာယူပြီး  ဘုရားပွဲရဲ့ အဓိကကျသော  လှေပြိုင်ပွဲအတွက် အဆင်သင့် ဖြစ်နေပြီပေါ့။
လှေနှစ်စင်းမှာ သူ့နာမည်နဲ့သူရှိပါတယ်။ တစင်းက ကြံတိုင်းအောင်၊ နောက်တစင်းက ရန်ကင်းမောင်တဲ့။ ဘယ်လိုကစ စိတ်စွဲနေတယ်တော့မသိ၊ ကျွန်တော်တို့ သူငယ်ချင်းတစုမှာ အစွဲလေးတခုရှိပါတယ်။ လှေနှစ်စင်းမှာ ကြံတိုင်းအောင်က အကြီး၊ ရန်ကင်းမောင်က အငယ်၊ ရန်ကင်းမောင်က ပိုသွက်တယ်၊ တော်ရုံတန်ရုံအသင်း ရန်ကင်းမောင်ကို မဲနိုက်လို့ လှော်ခွင့်ရရင် နိုင်ဖို့များတယ်လို့ တရားသေမှတ်နေတာပါ။
ကန်အလယ် ဘုရားအရှေ့မှာ မြောက်ဖက်ကန်ကနေ တိုင်တွေတန်းစီစိုက်လာပြီး အလံတိုင် အနီရယ် အဖြူရယ် နှစ်တန်းလုပ်ပါတယ်။ တာလွှတ်တဲ့နေရာ ရေလည်ခေါင်မှာစဉ်တခုထိုး၊ အမိုးလေးတခုနဲ့၊ နောက် ပန်းအ၀င်မှာ တိုင်တွေကို အပ်ချည်ကြိုးနဲ့ ကန့်လန့်ချည်ထားပါတယ်။ လှေဦးမှာ ဓါးပြားပုံ  အလံလွင့်တဲ့တိုင်အပြားလေးကိုယ်စီရှိတော့ အဲ့ဒီတိုင်လေးနဲ့ အပ်ချည်ကြိုးအရင်ထိုးဖြတ်သွားတဲ့ အဖွဲ့ က အနိုင်ပဲ။ အငြင်းမပွားအောင်လို့ ဒိုင်တယောက်က လှေနဲ့ ပန်းဝင်မှာစောင့်ကြည့်နေပါတယ်။ ရေလယ်မှာဆိုတော့ ဘုရားပေါ်ကအဖွဲ့သိသာအောင် နိုင်တဲ့ လိုင်းရဲ့အလံအရောင် ( အနီ၊ အဖြူ ) ထောင်ပြလေ့ရှိပါတယ်။
တာလွှတ်လိုက်ပြီဆိုတာနဲ့ အသံချဲ့စက် ( လော်စပီကာ လို့ကျွန်တော်တို့ခေါ်တဲ့ အော်လံ ) မှာ ဆိုင်းသံ ဗုံသံတွေဖွင့်ပြီး အဲ့ဒီံတီးလုံးနောက်ခံနဲ့ ပြိုင်ပွဲအကြောင်းကို တဦးက ကြေညာပေးပါတယ်။ ဆိုပါတော့ ကန်စွယ်အရပ်က အနီလိုင်းကနေ ရန်ကင်းမောင်လှေကို လှော်ခပ်လာတာ လှေဦးတဖျားသာနေပါတယ် ဆိုတာမျိုး။ ကြေညာပုံက  ရင်ခုန်လှုပ်ရှားဖွယ်အတိ။ လှေတလျားလုံး အပြတ်နိုင်တဲ့အဖွဲ့က ဂုဏ်အရှိဆုံးပါ။ 
ပြိုင်တာကတော့ ရှုံးထွက်ပွဲတွေပါပဲ။ အဲဒီတုန်းက နာမည်ကြီးတဲ့အဖွဲ့တွေကတော့ စောစောက ပြောခဲ့တဲ့ ကန်စွယ်ရပ်က။ သူတို့က တနေကုန် ကန်အလယ်မှာ ငါးဖမ်းနေတတ်တဲ့သူတွေဆိုတော့ လှေနဲ့ကျွန်းကျင်ပြီးသား။ ကျန်တဲ့ ရပ်ကွက် ကိုယ်စားပြု ၊ အစိုးရအဖွဲ့တွေကတော့ နီးပြီဆိုမှ လူစု၊ လှေငှားကြ၊ ကျင့်ကြနဲ့ဆိုတော့ နိုင်ခဲပါတယ်။ ဒါပေမဲ့ နိုင်လိုစိတ်အပြည့်နဲ့ အားလုံး အလေးအနက်ထား ပြိုင်ကြတဲ့ပွဲပါပဲ။
နိုင်သွားတဲ့အဖွဲ့က ပန်းတိုင်ကျော်သွားတာနဲ့ တက်တွေမြှောက်၊ ရေထဲကို တယောက်ပြီးတယောက်ခုန်ဆင်း အောင်ပွဲခံ၊ အတန်ကြာမှ လှေပေါ်တက် ဘုရားဆီသွား၊ နောက်နှစ်ဖွဲ့က လှေတွေယူ၊ အဲဒီနောက် တာလွှတ်တဲ့နေရာကို လှော်သွား ဆိုတော့ တပွဲနဲ့တပွဲ အတော်စောင့်ရပါတယ်။ ကျွန်တော်တို့တသိုက် အလွန်ဆုံး စိတ်ပါရင် ၂ ပွဲ ၃ ပွဲပဲ။ ဘုရားပွဲဈေးလှည့်ရတာလောက် မပျော်ကြပါ။
ဘုရားပွဲဈေးကတော့ မြို့လယ် မင်းရပ်၊ မြို့မ ရပ်ကွက်က ရှိသမျှလမ်းကြား ဘယ်ညာမှာ ဆိုင်တွေစီနေတာပဲ။ ဆိုင်ခန်းတွေကို ဘုရား ဂေါပကအဖွဲ့က အကွက်ရိုက် ပေးထားတာ။ အဲဒီရပ်ကွက်မှာရှိတဲ့အိမ် တွေအတွက် အိမ်ရှေ့မှာ အ၀င်ပေါက်သေးသေးလေးချန်ပြီး နေရာချပေးထားပါတယ်။ ဆိုင်ကြီးရင် ၃ ခန်း ၄ ခန်း ဆက်ယူပေါ့။ 
နေကြတဲ့သူ အတော်များများတော့ ဘုရားပွဲရက်တွေ မှာ စိတ်ညစ်ရပါတယ်။ လင်းထိန် ဆူညံနေတာပဲ။ ပြေလည်အောင် ပေါင်းကြသူတွေကျတော့လဲ နောက်ပိုင်းမှာ ဆိုင်တွေနဲ့ အမျိုးတွေလို ခင်သွားကြတာလဲရှိပါတယ်။ ဘုရားပွဲ စတော့မယ်ဆို သိထားတဲ့ဆိုင်တွေအတွက် နေရာကိုတောင် ကြိုယူပေးထားတတ်ပါတယ်။
ဘုရားပွဲ ကဆိုင်တွေမှာ နေ့ပိုင်းအချိန်တွေဆိုရင် မြို့ခံတွေ လည်ကြတာက နည်းပါတယ်။ အနီးနား ရွာနီးချုပ်စပ်က သူတွေကပိုများပါတယ်။ အရောင်လွင်လွင် အ၀တ်အစားသစ်တွေနဲ့၊ ပါးနီတွေနဲ့၊ ချွေးတပြိုက်ပြိုက်နဲ့၊ ပျော်ပျော်ပါးပါးနဲ့။ ကျွှန်တော်တို့လဲ တခါတလေ ဦးတည်ရာမဲ့ လျှောက်ကြတာပါပဲ။
အဲဒီ့လိုနေ့ခင်းဖက်လည်ရင်း တရက်က ဘုရားပွဲဈေး ကန်စောင်းမှာ ရေချိုးနေတဲ့ အမျိုးသမီးတဦးတွေ့တော့ ကျွန်တော်တို့ အံ့သြတကြီးဖြစ်ခဲ့ပါတယ်။ အဲဒီ့အမျိုးသမီးဟာ အရင်ရက်က ငါးမူးပေး ကြည့်ခဲ့တဲ့ အာကာသမှ ပန်ကန်ပြားမယ်။  အဲဒီတုန်းက သူမဟာ ရုံထဲမှာ စားပွဲခုံပေါ်က ဒန်ပန်းကန်ပြားလေးပေါ်မှာ ခေါင်းလေးပဲရှိတဲ့သူ။ မိတ်ကပ်တွေနဲ့ မျက်နှာသေလေးနဲ့။ ကျွန်တော်ကိုယ်တိုင် သူ့ပါးစပ်ထဲ ကြောက်ကြောက်နဲ့ ဘီစကွတ်တချပ် ခွံ့ ပေးဖူးပါတယ်။ အကောင်းအတိုင်း မြင်ရတော့ အကုန် တအံ့တသြနဲ့ ၀ိုင်းအော်တော့ လစ်ရောပဲ။ 
တခါတလေ ဇာတ်ရုံတွေထဲ ညအတွက် ပြင်ဆင် နေတာတို့ ယိမ်းအတွက် ညှိကြ ပြင်ကြဆင်ကြ လုပ်နေတာတွေပါ ( ဗုံသံကြားရင် ) ၀င်ငေးတာပါပဲ။ ကလေးဆိုတော့ နေရာစုံအောင် လဲ ရောက်ပါတယ်။
သူငယ်ချင်းတယောက်ကတော့ မျက်လှည့်ဝါသနာပါတယ်။ အမြဲဝင်ကြည့်လေ့ရှိပါတယ်။ ပြီးရင် စာအိတ်လေးတွေနဲ့ ထည့်ရောင်းတဲ့လုပ်နည်းတွေဝယ်၊ ကျင့်ပြီး နောက် ဘုရားပွဲပြီးချိန်မှာ ပြန်လုပ်ပြလေ့ရှိပါတယ်။ 
ညပိုင်း အချိန်တွေမှာတော့ ကျွန်တော်တို့အပျော်ဆုံးပဲ။ ပွဲဈေးကို ဆိုင်တိုင်းစေ့ လျှောက်ကြည့်ကြပါတယ်။ ၀ယ်ချင်တဲ့ ကစားစရာတွေလဲ စိတ်ကူးယဉ်ကြပါတယ်။ အိမ်က စည်းကမ်းတခု လုပ်ပေးထားတာရှိပါတယ်။ ပွဲတော် နောက်ဆုံးနေ့ရောက်ရင် ကြိုက်တဲ့ကစားစရာ တခုပြော၊ လိုက်ဝယ်ပေးလေ့ရှိပါတယ်။ ဒီတော့ ဘယ်ဆိုင်က ဘာလိုချင်လဲဆိုတာကို စေ့စေ့စပ်စပ် လိုက်ကြည့်ထားမိပါတယ်။ အဲဒီတုန်းက သဘောကျတာက စတီးဆွဲကြိုးတွေ၊ ငြိမ်းချမ်းရေးသင်္ကေတတို့၊ သိမ်းငှက်တို့၊ အဆွဲအမျိုးမျိုးနဲ့။ အဲဒီတုန်းက အခုလို ဟစ်ဟော့တွေ မပေါ်သေးပေမဲ့ သိပ်ဆွဲချင်တာ။
အိမ်ကတော့ အဲဒီ့ဆွဲကြိုးတွေကို ဘယ်တော့မှ ၀ယ်ခွင့်မပေးပါ။ သူတို့ပြောတာက စတီးဆွဲကြိုးတွေက သိပ်ခိုင်တော့ တခုခုနဲ့ ငြိနေရင် ပြတ်မထွက်ဖူး၊ ကျွန်တော်ကလဲ အငေးသန်တော့ မြင်းလှည်းအဆင်းတို့ ဘာတို့မှာ ငြိမိရင် အသက်အန္တရာယ် ရှိတယ်တဲ့။ မ၀ယ်ရလေ ငမ်းလေပါပဲ။ နောက် သဘောကျတာကတော့ အရုပ်သေနတ်အမျိုးမျိုး။ များသောအားဖြင့်တော့ သေနတ်ပဲဝယ်ဖြစ်ပါတယ်။ ဘုရားပွဲအပြီးမှာ ကျွန်တော်တို့တသိုက် ကစားလေ့ရှိတာကလဲ သေနတ်အသစ်ကိုယ်စီနဲ့ သေနတ်ပစ်တမ်းပဲ။
အဓိကကတော့ ဘာဝယ်လာတယ်ဆိုတာကို ကြွားကြတာပဲ၊ အဲဒီတုန်းကတည်းက အကြွားမှာ ဇ'ကလေးနဲ့ သူငယ်ချင်းတစုပေါ့။ လေထိုး မှော်ဘီဘော်လုံး ၀ယ်ဖြစ်တဲ့နှစ်ဆိုရင်လဲ လက်ညှိုးမှာ ဘော်လုံး ကြိုးအိတ်ကလေးကိုချိတ် တဘုတ်ဘုတ်နဲ့ ကန်ရင်း လျှောက် သွားပြနေတာပေါ့။
ပွဲဈေးလည်ဖို့ မုန့်ဘိုးကတော့ ညတိုင်းလိုလိုပေးပါတယ်။ သိပ်တော့မများပါဘူး။ ဒါကိုစုထားနိုင်ရင်တော့ ကိုယ်ကြိုက်တာ ကိုယ်ဝယ်ပေါ့။ ဒါပေမဲ့ စုခဲပါတယ်။ ပွဲဈေး တပတ်ပတ်ရင် ၀ယ်စားချင်တဲ့မုန့်တို့ တကျပ်ဖိုး သုံးကား ကြည့်ချင်တဲ့စိတ်တို့၊ ထူးထူးဆန်းဆန်းလေးတွေ ( မျက်လှည့်တို့  အာဖရိကက မြွေကြီးတို့ ) ကြည့်ချင်တဲ့စိတ် ပေါ်လာလေ့ရှိတယ်ဆိုတော့ များသောအားဖြင့် အိမ်ပြန်ရင် အိတ်ကပ်ဗလာပါပဲ။
အချိန်အကုန်ဆုံးနေရာကတော့ တကျပ်ဖိုး သုံးကားအရှေ့မှာပါပဲ။ အသံချဲ့စက်နဲ့ သူညွှန်းနေတာကို သိပ်သဘောကျတယ်၊ နောက် လိုက်ကာဖွင့်အပေး အမြည်းကြည့်ရတာကို ကြိုက်တယ်၊ ဒီတော့ ရုံထဲဝင်ကြည့်မိသလို ရုံအရှေ့မှာစောင့်ရင်း သူတို့အခေါ် နမူနာ.. ဆိုတဲ့အမြည်းကိုလဲ စိတ်ရှည်လက်ရှည် စောင့်ကြည့်လေ့ရှိပါတယ်။အကြိုက်ဆုံးကားတွေကတော့ လူကိုနေထိ အရည်ပျော်ခြင်း၊ စွမ်းအားရှင်တိုက်ပွဲ၊ ပညတ်တော် ၁၀ ပါး ၊ လူရိုင်းနီရဲ့ ဂလဲ့စား တို့ပါ။ 
နှစ်တိုင်း ဒီကားတွေပဲ ပြတာဆိုပေမဲ့ ကြည့်ရတာ ရိုးသွား အီသွားတယ်လို့မရှိ၊ နောက်ပိုင်း ရုံထဲက အသံကြားရုံနဲ့ ဒါဘယ်အခန်းဆိုတာ အလွတ်ရလာသည်အထိ ကြည့်နေမိတာပါပဲ။
နောက် အခုတိုင် သတိတရ အရှိဆုံးက  ပွဲဈေးတန်းက မုန့်ပေါင်းစုံ။ မုန့်သိုင်းခြုံ၊ မုန့်လင်မယားကအစ နောက်ဆုံး ကြံပန်းခိုင်အထိ ခုံခုံမင်မင် ၀ယ်စားဖြစ်ပါတယ်။ အဲဒီတုန်းက ရောင်းသူတွေနဲ့ စားသူတွေအကြား ယုံကြည်မှု့မှာ အစွန်းအထင်းလဲ မရှိ၊ အိမ်ကလူကြီးတွေက ဘာဘာညာညာ ၀ယ်စားမနေနဲ့လို့ မှာလေ့မရှိ၊  သူတို့ကိုယ်တိုင်တောင်  ပွဲဈေးမှ ၀ယ်လာတဲ့မုန့်ဆိုပြီး အိမ်နီးချင်းတွေပါ ဝေငှနေကြပါသေးတယ်။
အိမ်အတွက် ပရိဘောဂတို့ ဘုရားစဉ်၊ ဖျာ စတာတွေကိုတော့ ဘုရားပွဲ နောက်ဆုံးရက်တွေမှာ လူကြီးတွေ ထွက်ဝယ်ကြပါတယ်။ အဲ့ဒီ့အချိန်ဆိုရင် ဈေးက အတော်လျှော့ပေးပါတယ်။ နောက် ကျွန်တော်ကြိုကြည့်ထားတဲ့ ကစားစရာ လိုက်ဝယ်ပေးပါတယ်။ အပျော်ဆုံးနေ့ပါပဲ။ 
ဒီဘုရားပွဲဈေးကို ငယ်စဉ်ကနေ ၁၀တန်းအောင်သည်အထိ ပျော်ပျော်ကြီး လည်လေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းနယ်ဝေးမှာ ပညာသင်၊ နောက်အလုပ်ထဲရောက် နဲ့ ဝေးသွားလိုက်တာ အခုဆိုရင် ဝေးခဲ့တဲ့နှစ်တွေဟာ များလှပြီပေါ့။
သို့ပေမဲ့ စိတ်ထဲ စွဲနေအောင်မှတ်မိနေလို့ တခါတလေ စိတ်ကူးထဲမှာ တံတားထိပ်ကနေ တလှမ်းချင်း ဈေးဆိုင်တန်းထဲဝင်.. ညာဖက်မှာက ရဟတ်ကြီးနဲ့ ရုပ်ရှင်ရုံ၊ တဖြေးဖြေးနဲ့ နိဗ္ဗန်ကုန်ဆိုင်တွေ.. နောက် ဖျာတွေ...ထိုးမုန့်ဆိုင်တွေနဲ့ ချိုအီအီရနံ့များနဲ့ မုန့်သိုင်းခြုံဆိုင်တွေ၊ ဈေးဝယ်ခေါ်နေတဲ့ အသံတွေ... မှတ်မိနေတုန်းပါ။
အခုနေများ အကြောင်းတိုက်ဆိုင်လို့ ပြန်ကြုံဖြစ်ခဲ့ရင် ဆိုင်တန်းတွေအကြားမှာ သွားရင်း ပျော်နေမဲ့အစား အရင်တုန်းက ပျော်ခဲ့တာတွေပဲ ပြန်တွေးဖြစ်နေမလားပဲ မသိ.....
Sunday, August 28, 2011
ဘလော့ဒေး ( ၂၀၁၁ )
ကျွန်တော် ၄လသားအရွယ်တုန်းကပေါ့။ ကျွန်တော့အကိုက ၄ နှစ်ကွာတော့ အမေ မအားတဲ့ချိန်တွေဆို ကျွန်တော်အိပ်နေလျှင်ဖြစ်ဖြစ်၊ နိုးပေမဲ့ ရစ်မနေတဲ့အချိန်တွေဆို စောင့်ကြည့်ဘို့ တာဝန်ယူရပါတယ်။ ဒီလိုနဲ့တရက် ကျွန်တော်နိုးနေပြီး အုအုအဲအဲ လုပ်နေချိန်မှာ သူက မြူဖို့ကြိုးစားပါတယ်။ သူတတ်သမျှ မှတ်သမျှပေါ့။ “ ခေါင်းတုန်တုန် လည်တုန်တုန်ရေ့.. ခေါင်းတုန်တုန် လည်တုန်တုန်ရေ့..”တဲ့ ။ ၄လ သားဆိုတော့ ဇက်က မခိုင့်တခိုင် လက်တွေခြေတွေကလဲ သန်သန်စွမ်းစိမ်းမရှိသေးတော့ သူက တုန်ချိတုန်ချိလို့ပဲ မြင်နေတာပေါ့။
အခု ကိုညိမ်းနိုင်က ဘလော့ဒေးအတွက် တက်ဂ်လုပ်တယ်ဆိုတဲ့ စာဖတ်နေချိန်မှာတော့ အဲဒီ့ “ ခေါင်းတုန်တုန် လည်တုန်တုန်ရေ့.. ခေါင်းတုန်တုန် လည်တုန်တုန်ရေ့..” ဆိုတဲ့အသံ ကိုပဲ ပြန်ကြားမိနေပါတယ်။
ရေးမယ်ဆိုတော့ ထုံးစံအတိုင်း ရှေ့က ရေးထားကြတာတွေကိုလိုက်ဖတ်ပါတယ်။ သိရတာကတော ဒီနှစ့်မှာ ကိုအောင် ( ပျူနိုင်ငံ) က စတင်လှုံ့ဆော်ပေးပါတယ်တဲ့။ နောက် ရို့ ကနေပြီး ဘယ်လိုရေးလေ့ရှိတယ်ဆိုတာကို အသေးစိတ် ရှာရှာဖွေဖွေ ဖေါ်ပြထားပါတယ်။ အဲ့ဒီအတိုင်းပဲ ပုံစံဖွဲ့ ရေးပါရစေ။
ဘလော့တွေရေးတဲ့သူတွေမှာ တချို့က သိထား တတ်ထားတဲ့ ပညာရပ်အမျိုးမျိုး ကို စေတနာတွေနဲ့ ရေးကြပြီး၊ ရင်ဘတ်ကြီးနဲ့လာပြီး ရသအမျိုးမျိုးကို သေသပ်လှပစွာဖွဲ့ကြသူများ၊ နောက် ကဗျာများကို ချစ်မြတ်နိုးကြသူ ကဗျာရေးဖွဲ့နေကြသူများ၊ တနေ့တာအကြောင်းလေးများကို ဒိုင်ယာရီသဖွယ် နှစ်လို့ဖွယ် ရေးကြသူများ၊ သီချင်းနှင့် ဖွယ်ဖွယ်ရာရာ စားစရာလေးများအကြောင်းရေးနေကြသူများ၊  သိကြ ကြားရသည်များကို ဝေမျှပေးနေတဲ့ သတင်းရေးသူများများ စသည်ဖြင့် အမျိုးမျိုးရှိနေကြပါတယ်။
အဲဒီတော့ ဒီဘလော့ရွာကြီးကို မင်းက ဘာတွေများ ယူလာပါသလို့မေးရင် ကျွန်တော့ပုံက အရင်ဆုံး ဒီလိုဖြစ်သွားပါလိမ့်မယ်။
နောက် အကျီ အိပ်ကပ်တွေနှိုက်ကြည့်လိုက်၊ ဘောင်းဘီအိပ်ကပ်တွေစမ်းကြည့်လိုက် ၊ ဟိုရှာသလိုလို ဒီရှာသလိုလိုနဲ့ အတော်ဗျာများပြနေဖြစ်မှာပါပဲ။ ရေးနေတာကတော့ ကျွန်တော်က ဟိုရောက် ဒီရောက် အကြောင်းများ၊ ကျွန်တော့ဇနီးက သူမအတွေးဆိုတဲ့ခေါင်းစဉ်နဲ့ သားအကြောင်း မှတ်မိနေစရာလေးများကို ရေးနေဖြစ်တာပါပဲ။ ဒီတော့ ဖတ်လို့ အဆင်ပြေရုံကိုပဲ ကြိုးစားရေးနေရတဲ့ အားထုတ်မှု့ကိုသာ ကောက်ရိုးတမျှင်လိုပဲ ဖက်တွယ်ထားရပါတယ်။
အရင်တုန်းက ဘလော့တခု ရှိခဲ့ဖူးပါတယ်။ စိတ်ဖြေရာ ကနေ ဝေး..စိတ်ဖြေ ဆိုပြီး နာမည်ပြောင်းရေးခဲ့ပါတယ်။ အဲဒီဘလော့ကတော့ ရေးလို့ သက်တမ်းတနှစ် ကျော်ကျော်မှာ အကြောင်းကြောင်းကြောင့် ပျက်သွားပါတယ်။ အခု ဒီဘလော့လေးတော့ အဲဒီလိုမဖြစ်အောင်၊ ရေရှည်လေးတည်တံ့အောင် ကျိုးစားနေမိပါတယ်။
မှတ်မိပါသေးတယ်။ ကျွန်တော် ဘလော့တခုလုပ်တော့မယ်ဆိုတော့ သူငယ်ချင်းတယောက်ဆီမှာ အကူအညီတခုတောင်းဖူးပါတယ်။ သူက လိုအပ်တာ ကူညီရင်း တလက်စထဲ ဘာသတိပေးလဲဆိုတော့ မင်းသတိတော့ထားနော်.. သိပ်ပြီးစိတ်နစ်မသွားစေနဲ့၊ No Turning Point ကိုသတိထား၊ ပြီးရင်ရပ်ဖို့မလွယ်တော့ဘူးတဲ့။
 အခုတော့ သူ့ကို အရပ်ဟာသတခုနဲ့ ပြန်ပြောရလိမ့်မယ်။ မူးနေတဲ့သူတယောက်က ပြောတာ  “ မင်းတို့အရက်ကွာ  စွဲတယ်.. စွဲမယ်နဲ့ ငါသောက်လာတာဖြင့် ၁၀နှစ်တောင်မကတော့ဘူး.. ဘယ်မှာစွဲလို့လဲ ”  တဲ့။
ဘယ်တွေရောက်ဖြစ်သလဲဆိုတာကတော့ အမြဲရောက်ဖြစ်တာက ကျွန်တော့ ဘလော့စာရင်းထဲကအတိုင်းပါပဲ။ အသစ်ညွှန်းဖို့ဆိုတာကတော့ ကိုယ်ကိုယ်တိုင်က လပိုင်းပဲရှိသေးတာဆိုတော့  သူလဲအသစ် ကိုယ်လဲအသစ်ပေါ့။ အဲဒီ့ဘလော့တွေကတော့
Let me think... ( မိသားစု အကြောင်းနဲ့ သူ့အတွေးတွေကို တိုတိုရှင်းရှင်း ရိုးရိုး ရေးနေသော သူငယ်ချင်းတဦး)
သနပ်ခါးမေ ( အမျိုးသမီးတွေအတွက် သိသင့်တာတွေကို စေတနာများစွာနဲ့ ရှာဖွေတင်ပြနေသူ )
ကျေးဇူးတင်မိသူတွေကတော့ ဒီဘလော့ကို စေတနာထားပြီး လူသိအောင် ဘလော့စာရင်းမှာ တင်ပေးခဲ့သော ကိုညီလင်းသစ်၊ ကိုညိမ်းနိုင်၊ ကိုမန်းကိုကို၊ အပြုံးပန်း၊ မမြတ်ကြည်၊ လိုအပ်တာရှိလျှင် ခင်မင်စွာ ပြောပြပေးနေသော မခင်ဦးမေနှင့် ပေါက်နှင့်  တို့ပါပဲ။ ထို့အတူ စိတ်ရှည်လက်ရှည်ဖတ်ကာ အားပေးတတ်သော မရီတာနှင့် တစက္ကန့်မျှကအစ အမြဲမပြတ် လာရောက်ဖတ်ကြ အားပေးကြသူများကိုလဲ အထူးပဲ ကျေးဇူးတင်မိပါတယ်။
မည်သည့် လိုအပ်ချက်မဆို ထောက်ပြ လမ်းညွှန်ပေးကြပါ။
ဒါနဲ့ ဘလော့ဒေးရှေ့မှာ ဟဲပီးတို့ ဂွတ် တို့ဘာတို့တပ်လို့ရမလားတော့မသိ၊ ရရင်တော့ မင်္ဂလာရှိသော ဘလော့ဒေးပါလို့  ဗျိုးဟစ်ချင်မိပါတယ်။
Friday, August 26, 2011
ဝမ်းသာရင်း ကျေးဇူးတင်နေမိပါသည်...( ဇာတ်သိမ်း )
အိမ်ပြန်ရောက်ကြတော့ အားလုံးက နဂိုပုံမှန်လိုပါပင်။ သားနဲ့ သူ့ အဖေက ကစားကြ စကားတွေပြောကြ။ တီဗွီ အတူတူ ကြည့်ကြ။ ကျမက ချက်လိုက် လျှော်လိုက် အိမ်ရှင်းလိုက်။ သားတို့ နဲ့ စားလိုက် စကားပြောလိုက်။
ဒီလိုနဲ့ တစ်နေကုန်လို့ ညအိပ်ချိန်ကို ရောက်တော့ သားက အိပ်ဖို့ ကြောက်နေပြန်ပါသည်။ တနေ့ လည်လုံး ဆော့ထားသဖြင့်အိပ်ချင်လှနေပါပြီ။သို့ သော် ဇွတ် ခေါင်းရမ်းပြီး သူ့ ကိုသူ မအိပ်အောင်ကြိုးစားနေသည်ကို တွေ့ ရတော့ ကျမတို့ သူ့ စိတ်အစွဲလျော့ဖို့ ကျိုးစားရပါတော့မည်။
စိတ်မချသလို အခန်းထဲကြည့်ရင်း ကုတင်ပေါ်တက်ပါသည်။ ကျမတို့ က.. ဟော ဖေဖေရော မေမေရော ရှိတယ်လေ။သားနဲ့ တူတူအိပ်မှာလေကြည့်...ဆို ပြီး ကျမက အိပ်ပြရပါသည်။ သားအဖေကပါ လိုက်လှဲရင်း..ကဲ ကဲ မအိပ်သေးရင်း ဖေဖေ့ပေါ်မှီပြီး တီဗွီ ကြည့်...ဆိုကာ အဖေ့ပေါ် လှဲခိုင်းရပါသည်။ ဒီလိုနဲ့ အချိန်အတော်ကြာပြီး မဟန်နိုင်လွန်းကာမှသာ အိပ်ပျော်သွားပါသည်။ တိုးတိတ်ညင်သာချောမွေ့ စွာနဲ့ ပါ။ 
ကျမတို့ နောက် ၂ည ၃ညလောက်တော့  ချော့ကာ နားလည်အောင်ပြောပြရင်း ပုံမှန်ဖြစ်အောင် ကြိုးစားရအုံးမည်ထင်ပါသည်။
တကယ်လည်းပဲ နောက် ၂ညကြာပြီးမှသာ အစစပုံမှန်ပြန်ဖြစ်သွားပါသည်။ တော်ပါသေးသည် ဟု ဟင်းချနိုင်ကြပါသည်။
သားလေး ခွဲအပြီး လေးရက်မြောက်နေ့ မှာတော့ ခေါက်ဆွဲပြုတ်ပျော့ပျော့ စ စားပါသည်။ ပထမ၃ရက်ကတော့ ရေနဲ့ နွားနို့ အေးအေးကိုသာ နဲနဲ နဲနဲ မကြာမကြာ တိုက်ပေးနေခဲ့ရပါသည်။ သားကိုယ်တိုင်က မစားလို မသောက်လိုခဲ့ပါ။ ရေခဲမုန့် ကလည်း ကျွေးမရတော့ ရေ အေးအေးကိုသာ တိုက်နေရပါသည်။ ဆေးတိုက်ရတာ အစက ခက်ပေမဲ့ သားသားနာနာပျောက်ဖို့ ဆိုတော့ သောက်ရှာပါသည်။ 
သို့ သော် အသံကတော့ အက်ကွဲကွဲ ရှတတ ဖြစ်နေဆဲ။ ပါးစပ်က ဟပြီးပြောနေတာလည်းပါပါမည်။ မပီမသဖြစ်နေဆဲ။ ထို့ ပြင် ပါးစပ်က အနံ့ လေးလည်း ထွက်နေပါသည်။ ကျမနဲ့ သားအဖေက အသံတိုးတိုးနဲ့ အနံ့ ရတဲ့အကြောင်းပြောကြတာကြားသွားပြီး သူ စကားပြောပြီးတိုင်း သတိရရသွားကာ သူ့ လက်ကလေးနဲ့ ပါးစပ်ကို ပိတ်ရှာပါသည်။ ကျမတို့ က စိတ်မကောင်းစွာ .. ဘာမှ မဖြစ်ပါဘူးသားရဲ့။ ပိတ်စရာ မလိုပါဘူး... ပြောကာ တားယူရပါသည်။ တော်ကြာ သူ့ စိတ်ထဲ မကောင်းဘူး စွဲသွားမှာ စိုးပါသည်။ သို့ သော် သားက သတိရတိုင်း ပိတ်တတ်ပါသည်။
ဒီရက်အတောအတွင်း အစားသိတ်မစားသဖြင့် ၀မ်းသွားရခက်တာက လွဲလို့ အဖျားမရှိ ၊ ည အိပ်ချိန်နီးလောက်မှသာ နာလာပုံရသော်လည်း ငိုလောက်အောင် နာပုံမပြသဖြင့် ၀မ်းသာရပါသည်။
၅ရက်မြောက်နေ့ ကျ ဆေးအားလုံးတိုက်ဖို့ မလိုတော့ပါ။ ခါတိုင်းက တစ်နေ့ ၂ကြိမ် နာကျင်တာ သက်သာအောင် ဆေးတိုက်ပေးခဲ့ရတော့ ညအိပ်ချိန်နီးလောက်မှသာ တခဏနာရှာပါသည်။ ခု ဆေးအားလုံးဖြတ်လိုက်တော့ နာပါတော့သည်။ မပြင်းထန်ဘူးဟု ထင်ရပေမဲ့ နာရှာပါလိမ့်အုံးမည်။ အော်..သနားရပါဘိ။
၅၊၆။၇ ရက်မြောက်နေ့ တွေကတော့ အာခေါင်ယား၊ချောင်ဆိုးနေပေမဲ့ နာကျင်မှုကတော့ သက်သာစပြုလာပြီထင်ပါသည်။ စကားပြောရုံသာမက သူ့ ဟာသူပါ စမ်းစမ်းပြီး အော်ကြည့်ပါသည်။ ကျမတို့ က .. သားသားလေး အာခေါင်နာမယ်လေ။ မအော်နဲ့ အုံးနော်... ဟု တားပါသော်လည်း ခဏခဏ အော်ကြည့်တတ်ပါသည်။ အစာပျော့ပျော့ အေးအေးကိုလည်း စ စားနိုင်ပါပြီ။ ၇ ရက်လောက် ရေနဲ့ နို့ သာ သောက်နိုင်ပေမဲ့ သားလေး အားမပြတ်သဖြင့် တော်ပါသေးသည်။ သို့ သော် ကိုယ်လေးချိန် ၂ကီလိုခန့် ကျ သွားတော့ လူလေးက ချောင်ချောင်လေး ဖြစ်သွားပါသည်။ 
၁၄.၆.၁၁ အင်္ဂါနေ့ ၊ ခွဲအပြီး ၈ ရက်မြောက်နေ့ ရောက်တော့ ခွဲစိတ်ဆရာဝန်နဲ့ သွားပြန်စစ်ရပါသည်။ ဆရာဝန်က လက်နှိပ်ဓါတ်မီးနဲ့ အာခေါင်တွင်းထိုးကြည့်ပြီး အားလုံး ပါဖက်ပါ။ အားလုံးကောင်းပါပြီ။ သို့ သော် နောက် ၃။၎ ရက်လောက်တော့ အသားနုတက်ချိန်မို့ အစာမာတွေမကျွးမိဖို့ နဲ  အသားနုကို ထိမိပါက သွေးထွက်ဒါဏ်ရာရတတ်ပြီး အနာပြန်ဖြစ်တတ်တာမို့ ဂရုစိုက်ဖို့ သတိပေးပါသည်။ ၂ပါတ်ကျော်ရင်တော့ အားလုံးကောင်းသွားပါပြီ။ အစာ အေးတာနဲ့ ခပ်ပျော့ပျော့ကို ခလေးကြိုက်ရာ ဘာမဆို ကျွေးနိုင်ကြောင်းပြောပါသည်။ ၆ပါတ်ကျော်ရင်တော့ အားလုံးပုံမှန်ဖြစ်သွားပါပြီ...ဟု ရှင်းပြပါသည်။ 
ကျမက သတိတရဖြင့် ခလေးပါးစပ်က အနံ့ ရကြောင်းပြောပြတော့ .. ဒီလိုခွဲရင် အနာနံ့ ထွက်တတ် ပါတယ်။ မကြာခင်ပျောက်သွားပါလိမ့်မယ်... ပြောတော့ စိတ်အေးရပါသည်။
ထုံးစံအတိုင်းကော်ဖီသောက်ပြီး ပျော်ရွှင်စွာ ပြန်လာခဲ့ကြပါသည်။
+                                                          +                                                          +
၁၅.၆.၁၁ရက်နေ့ ညရောက်တော့ လငပုတ်ဖမ်းတာကို သားလေးပါ မအိပ်နိုင်ပဲ ထွက်ကြည့်ကြပါသည်။ သားလေးလည်း အားလုံးနီးပါး ပုံမှန်ဖြစ်နေပါပြီ။ တချို့ ညများမှာတော့ ဆေးများအားလုံးကို လည်း ရပ်လိုက်ပြီမို့ ညမအိပ်ခင် နာသည်ထင့် အနည်းငယ် အီချင်သဖြင့် သားအကြိုက် ကားများကို လိုက်ပြပေးရပါသည်။
 မြို့ လယ်လမ်းဘေးတလျှောက်က ကားအရောင်းပြခန်းများရှေ့မှ ကားမောင်းပို့ ပေးဖြစ်ပါသည်။ သားက သူ့ အကြိုက်ကားများတွေ့ ပါက .. မေမေရေ ဟို ကားဝယ်မှာနော်...သားသား ဓါတ်ပုံရိုက်ထားမယ်နော်..ဒီမှာ ရိုက်ပြီးပြီ အိတ်ထဲထည့်ထားမယ်နော်... ဖြင့် သူ့ လက်နဲ့ သူ ဓါတ်ပုံရိုက်၊သူ့ လက်ဖ၀ါးနှစ်ဖက်ကို ကျမဘက် လှည့်ပြရင်း သူရိုက်ထားသည့် ဓါတ်ပုံကိုပြလိုက်၊ပြီးကျ သူ့ အကျီ င်္အိတ်ထဲ လက်ထိုးထည့်ဖြင့် သဘောတွေကျနေတတ်ပါသည်။ နာကျင်မှုတွေကိုလည်း မေ့ပျောက်သက်သာစေပါသည်။
အသံလေးလည်း ၂လကြာ မစောင့်ရပဲ ကြည်လင်စပြုနေပါပြီ။ ထမင်းပျော့ပျော့လည်း စစားနိုင်ပါပြီ။ အစားအစာတွေ ပူသည်က သူ့ အနာကို ပိုမိုဆိုးစေသည်ကို သိသည်ထင့် သူကိုယ်တိုင်က သူ့ လက်ဖြင့် အကြိမ်ကြိမ်စမ်းပြီးမှသာ ... အေးတွားပြီနော် စားလို့ ရပြီနော်... ဆိုကာ စားတတ်ပါသည်။
ကျမတို့ တွေ သူ့ ပါးစပ်အတွင်း ဘယ်လိုနေလဲ သိချင်ကြပေမဲ့ မကြည့်ဖြစ်ခဲ့ကြပါ။ တော်ကြာ သူ့ မှာ တစ်ခုခု ထူးခြားနေသည်ကို အသိအမှတ်ပြုပေးသလို ဖြစ်ပြီး စိတ်ထဲ တစ်ခုခုစွဲသွားမှာ စိုးသောကြောင့်ပင်။ သိချင်လျှက်က မသိချင်ယောင်သာ ဆောင်ခဲ့ကြရပါသည်။ နောက် အားလုံး ပုံမှန်ဖြစ်ခါမှပင် ကြည့်ဖို့ ဆုံးဖြတ်ထားပါသည်။
၁၀ ရက်ကျော်အတွင်းမှာပင် ဟိုးအရင်ကလိုလည်း ဆော့နိုင် ကစားနိုင် ပါပြီ။ အားလုံးပုံမှန်ဖြစ်နေပါပြီ။ ကျမတို့ လည်း စိတ်အေးချမ်းရပါပြီ။ ပူပင်သောကတွေကင်းလို့ ပျော်ရွှင်ရပါပြီ။
နေ့ အချိန်တွေမှာတော့ သားလေးအကြိုက် အပေါ်တက် အောက်ဆင်း ကားရုပ်များဝယ်ပေးထားပြီး ဆော့နေခြင်းဖြင့် သူ့ ကို သက်သာစေတဲ့အတွက် သူ့ အကြိုက် အရုပ်များကိုပဲ ၀ယ်ပေးခဲ့ကြပါသည်။ သူ့ ကိုယ်ပေါ်က ကပ်ခွာရာများကေ၇ချိုးပေးရင်း ပွတ်တိုက်ပေးပါသော်လည်း မပျောက်သေးပါ။ရေချိုးပေးတိုင်း စမ်းစမ်းကြည့်ပြီး မျက်နှာက မဲ့မဲ့သွားတတ်သဖြင့်  ဘန်တန်းလို ပါဝါတွေ ရအောင်…ဟု ပြောပေးရပါသည်။ ကျမမှာ တူနဲ့ သားတို့ ဘန်တန်းကားကြည့်တိုင်း မျက်စေ့နောက်ကာ မကြိုက်ခဲ့သမျှ ခုချိန်မှာ သား စိတ်ဖြေသက်သာရာရအောင် အားပေးစရာအကြောင်းရသဖြင့် ဘန်တန်းကိုပါ ကျေးဇူးတင်ရပါတော့သည်။
ညအိပ်ချိန်တွေကတော့ ကျမတို့ အတွက် စိတ်အချမ်းသာရဆုံး အချိန်များပါ။
ခွဲပြီးကတည်းက အိပ်ချိန်ရောက်ပါက ငြင်းဆန်နေမှုမရှိ အိပ်ဖို့ ပြင်ပါသည်။ မေမေသိပ်ပါ ဖေဖေသိပ်ပါ ရွေးမနေတတ်တော့ပါ။ ဖေဖေနဲ့ အိပ်နော် …ဆိုပါကလည်း အိပ်ပါသည်။ မေမေနဲ့ အိပ် ဒီည.. ဆိုလည်း မငြင်းပါ။ လက်မောင်းပေါ်ခေါင်းအုံးလို့ ခဏအတွင်း အေးဆေးတည်ငြိမ်ချောမွေ့ စွာအိပ်ပျော်သွားတတ်ပါသည်။
ဟိုးအရင်ကလို လူးလိမ့်ဂျီကျနေစရာမလိုသလို အချိန်ပေးစရာမလိုတော့ပါ။ ခေါင်းချွေးများလည်း မထွက်သလို ပင်ပင်ပန်းပန်းပုံလည်း မရှိတော့ပါ။ တချို့ ညတွေများ အိပ်ပျော်သွားသည်ကို မသိလိုက်သဖြင့် သေချာကို ထကြည့်ရသည်ထိ ညင်သာချောမွေ့ စွာ အိပ်နိုင်သွားပါပြီ။ ပါးစပ်ကလေးပိတ်လို့ နှာခေါင်းလေးဖြင့်သာ ညင်သာစွာရှူလို့ ရနေပါပြီ။ သို့ အတွက် ရှေးယခင် ပါးစပ်ကလေးဖွင့်ရှူစဉ်ကဲ့သို့  မပင်ပန်းတော့သလို သွားရည်များလည်း မကျတော့ပါ။
ထိုအခါကျမှပင် …အော် ကျမတို့ မှာ အဆော့မက်လို့ အအိပ်ခက်တာပဲထင်ပြီး ဆူခဲ့ ငေါက်ခဲ့ အော်ခဲ့ ဟစ်ခဲ့ရတာတွေအတွက် စိတ်မကောင်းကြီးစွာ ဖြစ်ကြရပါတော့သည်။ လူးလိမ့်မောပန်းလို့ ချွေးတွေ ထွက်သည်ထင်ခဲ့ကြသည်က မှားနေမှန်းသိလိုက်ရပါသည်။ သားလေး အသက်ရှူရခက်သည်နှင့် ဆက်စပ်ပြီး ခေါင်းချွေးတွေ ထွက်ဖြင်းဖြစ်ပါလိမ့်မည်။
 နှာစီးခြင်းလည်းမရှိတော့ပါ။  ခုများကျမှ အခြေအနေမှန်အားလုံးကို သိလိုက်ရပါတော့သည်။ သိလိုက်ရတော့ စိတ်မကောင်းဖြစ်ရ အသနားပိုရပါတော့သည်။ ကျမတို့ မှား ခဲ့ကြပါသည်။ ပြီးခဲ့သမျှတွေအတွက်တော့ မတတ်နိုင်တော့ပါ။ နောက်ကိုသာ ဘာမဆို စဉ်းစားချင့်ချိန်ပြီး ဆုံးဖြတ်ဆောင်ရွက်ဖို့ ကြိုးစားရပါတော့မည်။
သားလေး၏ အဖြစ်အပျက်အပေါ်က သားအတွက်သာမက ကျမတို့ ရှေ့ရှောက်တွေ့ ရမည့် ဘာအတွက်မဆို ပါ အရာရာကို အလွယ် မဆုံးဖြတ်ပဲ ချင့်ချိန်တတ်ဖို့ သင်ခန်းစာရသွားပါသည်။ အဆိုးထဲက အကောင်းလို့ ပဲ ဆိုရပါလိမ့်မည်။
+                                                          +                                                          +
အားလုံးပြီးဆုံးကောင်းမွန်သွားပါမှ အစအဆုံးပြန်လည် စဉ်းစားပြောဖြစ်ကြပြန်ပါသည်။ နှာစီးခြင်းဆိုးဆိုးဝါးဝါးမဖြစ်ခဲ့တာ၊ ချောင်းဆိုးတာ၊ နားအူတာ၊လည်ချောင်းနာတာ၊ ရေရှည်ဖျားတာမျိုးမရှိခဲ့တာ။ သားလေးဘာမှ ဆိုးဆိုးရွားရွားမခံစားခဲ့ရခင် အချိန်စောစွာ သိခဲ့ ခွဲခဲ့ရသည့်အတွက် ကံကောင်းခဲ့သည် ထင်ပါသည်။ ဘာ ဘေးဆိုးကျိုးမှ မရှိခဲ့ သလို ခွဲစိတ်မှုလည်း အဆင်ပြေချောမွေ့ ခဲ့သဖြင့် အားလုံးကို ကျေးဇူးတင်ရပါသည်။ 
အသံလေးလည်း ပြန်လည်ကြည်လင်လာကာမှ သားအဖေက ပြောပြလာပါသည်။ တကယ်လို့ များ ခွဲတာအဆင်မပြေခဲ့ပါက အသံက ပုံမှန်ပြန်မရတော့သဖြင့် ထပ်မံခွဲစိတ်ပြုပြင်မှုလုပ်တတ်ရပါသည်တဲ့။ တစ်ခါ ခွဲသည်က အဆင်မပြေပါက အမြစ်ကျန်သလို ဖြစ်ကာ ပြန်ပြန် နာတတ်ပြန်ပါသည်တဲ့။ ကျမမှာ ဘုရားသာ တမိတော့သလို ကံကောင်းလိုက်လေခြင်းဟုသာ ရွတ်နေရပါသည်။ ဖြစ်တတ်သည့် အနာရှိန်တက်ဖျား နာခြင်းမရှိ၊ သွေးထွက်မှုမရှိ၊ သွေးအန်မှုတို့ လည်း မရှိခဲ့သဖြင့် အလွန်တစ်ရာမှ ကံကောင်းလှသည် ထင်ပါသည်။
ကျမကိုယ်တိုင် တတိယနှစ်ကျောင်းတက်စဉ်က အံသွား၃ချောင်းလုံး ကန့် လန့် ပေါက်နေသဖြင့် ခွဲထုတ် ပြန်ချုပ်လုပ်ဖူးခဲ့ပါသည်။ ဘယ်လောက်ထိ ခံ၇ခက်တာ နာကျင်တာကို ခံစားဖူးသူပီပီ သားလေးဘယ်လောက်ထိ ခံစားနာကျင်ရမည်ကို သိနေပါသည်။ မိဘများ ပြောစကားနားထောင်ပြီး သူ့ ကောင်းဖို့ အတွက် ကြိတ်မှိတ်သီးခံခဲ့သည်ကို ကျေးဇူးတင်ရင်း သနားနေမိရပါသည်။ 
ယောင်းမကလည်း ဂျီတော့ကနေ ပြောကြတိုင်း.. သားလေးတော့နာမှာနော်။ကိုယ်တွေ ပါးစပ်ထဲ အနာသေးသေးလေးတွေ ပေါက်ရင်ကို စားရခက်၊ရေသောက်ရင်တောင် စပ်နဲ့ ။ ခလေးက ခွဲတောင်ခွဲရတာဆိုတော့ ဘယ်လောက်တောင်နာနေမလဲ မသိဘူး…နဲ့ အဝေးကနေ ကိုယ်ချင်းစာကာ သနားနေပါသည်။ အိမ်က မိသားစုဝင်များကလည်း နေ့ ညမပြတ်ဆုတောင်းပေးနေကြကြောင်းလည်း သတင်းပေးတတ်ပါသည်။ မိသားစုဝင်များကိုတော့ အထူးပြောစရာမလိုအောင် သူတို့ ကျေးဇူးက နှိုင်းစရာမရှိပါ။
+                                                          +                                              +
ဆေးရုံမသွားခင်က သားလေးရှိခိုးနေသည်ကို ဓါတ်ပုံရိုက်ပြီး ဖေ့ဘွတ်မှာ တင်ထားခဲ့ကြသေးသည်။ အဘူဒါဘီက ညီမက အားလုံးသိထားသူမို့ သားအတွက် ကျမတို့ အတွက် ဆုတောင်းပေးတော့ ကျန် သူငယ်ချင်းများကပါ မေးလာ ဆုတောင်းပေးလာကြပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။ ထိုဆုတောင်းများကြောင့်လည်း သားလေး အမြန်သက်သာ ဘေးကင်းကွာပြီး အဆင်ပြေချောမွေ့ ခြင်းဖြစ်သည်လည်း ယုံကြည်ပါသည်။ ကျမတို့ သားလေး အတွက်ခုချိန်မှာ ၀မ်းသာနေရပြီး အသေးစိတ်ဂရုစိုက်ပေးကြသော ဆေးရုံမှ အားလုံးသော ၀န်ထမ်းများနှင့် သူငယ်ချင်းများအားလုံးကိုလည်း ကျေးဇူးတင်နေမိပါသည်။ 
+                                                          +                                              +
အော်ပါတယ်။ ကျယ်နိုင်သမျှကျယ်၊ ပါးစပ်ကို ဟနိုင်သမျှဟလို့ ။
ပြောပါတယ်။ မရပ်တမ်း မနားတမ်း တစ်နေကုန်။
 ခုန်ပါတယ်၊ မြင့်နိုင်သမျှ အားကုန်ပါ။
ဒီနေ့ ကတော့ ၁၇.၆.၁၁ သောကြာနေ့ ပါ။ သားလေး ဆေးကုမှုယူပြီးလို့ ၁၁ရက်မြောက်နေ့ ပါ။ ကျမတို့ နှစ်ယောက်လည်းပဲ သူလုပ်သမျှ သူပျော်သမျှ သူနဲ့ အတူ လိုက်ပျော်နေမိကြပါတယ်။ ပျော်နေကြပါသည် ကျမတို့ မိသားစု၃ယောက်.....................................။
                                                                                    ၂.၈.၁၁ ၊ အင်္ဂါနေ့ 
Wednesday, August 24, 2011
ဝမ်းသာရင်း ကျေးဇူးတင်နေမိပါသည်... ( ၁၁ )
အခန်းထဲက ထိုင်ခုံရှည်ပေါ် ခြေပစ် လက်ပစ် ထိုင်ချလိုက်အပြီး မှန်ပြုတင်းပေါက်ကနေ ဆေးရုံဝင်ပေါက် မျက်နှာစာကို ကြည့်နေမိပါသည်။ ကားတွေ ကားတွေ တစ်စီးပြီး တစ်စီး ၀င်လာလိုက် ထွက်သွားလိုက်နဲ့ က မပြတ်သလောက်ရှိနေပါသည်။ ခုကျမတို့ ရောက်နေရာ ခလေးဆောင်က ဟိုး အရင်ဦးဆုံး ပင်မဆောင်ပါ။ ကျမ စပြီး ဆေးစစ်စဉ် ၂၀၀၄တုံးက ဒီ ပင်မဆောင် တစ်ခုပဲ ရှိခဲ့ပါသေးသည်။
ပင်မဆောင် ညာဘက်က ပြင်ပလူနာဆေးခန်းများရှိရာ အဆောက်အဦးက မှတ်မိသလောက် ၂၀၀၇ လောက်က ဆောက်ပြီးသည် ထင်ပါသည်။ သားလေး ခွဲစိတ်ရသည့် အဆောင်က ပင်မဆောင် ဘယ်ဘက်က နောက်ဆုံး ဆောက်ထားသည့် အဆောက်အဦး ၂၀၁၀က ပြီးခဲ့ပါသည်။ အကြီးဆုံးနဲ့ အကောင်းဆုံးပါ။ ယခုတော့ ဆေးရုံသည် စီပုံ အဆောက်အဦး ၃ခုဖြင့် ၂၄နာရီ မပြတ်လည်ပတ်နေရပါသည်။ ကျမကြည့်နေမိပါသည်။ တကယ်ကို ၂၄နာရီမပြတ်ပါ။ လူနာများ တစ်ယောက်ပြီး တစ်ယောက် ရောက် ရောက်လာပါသည်။ အော်..မကျန်းမာသူတွေ ပေါလိုက်တာ… ဟုတွေးနေဖြစ်ပါသည်။
ခလေးများတွေ့ ရရင်တော့ သားလေးပမာ စိတ်မသက်မသာ ဖြစ်ရပါသည်။ ကုလို့ ရသည့် ရောဂါလား…ဒီထက်မက ဆိုးသည့် ဝေဒနာများ ခံစားနေရသလား…။လူကြီးများဆိုပါကလည်း မိဘများနှင့်ယှဉ်လို့ သာမာန်လူကြီးရောဂါလား…ဒါ သူတို့ နောက်ဆုံးချိန်အတွက်ပဲလား…။ကျမမှာ ကြည့်စရာ မရှိသဖြင့် လျှောက်ကြည့်ရင်း မောနေမိပါသည်။
ခဏကြာတော့ သားအဖနှစ်ယောက်ကစားခန်းက ပြန်ရောက်လာကြပါသည်။ ရောက်မဆိုက်ဆိုသလို သားအဖေက ..နဲနဲစ နာလာပြီထင်တယ်။ ကစားနေရာက အီလာလို့ ပြန်လာတာ…ဟု သတင်းပေးလာပါသည်။ ကျမက သားကို ချီလိုက်ရင်း စကားတွေ ပြောနေလိုက်ပါသည်။
မကြာပါ သူနာပြုဝင်လာပြီးသွေးပေါင်ချိန်တိုင်း၊ အဖျားတိုင်း၊ နာတယ်ထင်လား၊ ဘာဖြစ်သေးလဲ…အစရှိသဖြင့်မေးရင်း ဆေးတိုက်ဖို့ ပြင်ပါသည်။ ပိုးသတ်ဆေးနဲ့ အနာသက်သာစေမည့်ဆေးတို့ ရော တိုက်ပါသည်။ သားမှာ ကြောက်နေပါပြီ။ ချိုပေမဲ့ ပထမဆုံးဆေးက ခါးလိုက်သဖြင့် နောက် ဘာဆေးတိုက်တိုက် မလွယ်တော့ပါ။ ချော့ကာ ပြောကာဖြင့် တစ်ဝက်ဝင် တစ်ဝက်ဖိတ်ဖြင့် ပြီးသွားပါသည်။
ဆရာမထွက်သွားတော့ သားက ပုံမှန်ပြန်ဖြစ်သွားပါသည်။ တစ်ခါ သားအဖေနဲ့ ကစားခန်းသွားဖို့ ပြင်ကြပြန်ပါသည်။ ဒီတစ်ခါ ကျမပါ လိုက်သွားပါသည်။ ကျမတို့ ထွက်လာကြတော့ သူနပြုဆရာမနဲ့ လမ်းမှာ ဆုံစဉ် သူမက ... ခလေးကို သက်သာအောင်ဒီ ရေခဲခြစ်လေးတွေ ကျွေးကျွေးပေးပါ … ဆိုကာ ရေခဲခွက်ကလေးပေးရင်း ကုန်ရင် ထပ်ယူဖို့ ပါ ရေခဲခြစ်စက်ထားရာနေရာ၊ ရေဗူးထားရာနေရာတို့ ကို လိုက်ပြပါသည်။ 
သား ကစားနေစဉ် ကျွေးပါသော်လည်း သားက မစားပါ။ ရေခဲမုန့် ကျွေးစဉ်ကလည်း မစားပါ။ သူ ကြိုက်လှသည့် အစားမဟုတ်သည့်အတွက် ခုလိုချိန်ဆိုတော့ ပိုလို့ ကျွေးရခက်လှပါသည်။ ရေခဲ၏ အအေးက လည်ချောင်းကို ထုံသွားစေပြီး အနာသက်သာစေသည့်အတွက် ဆေးများတိုက်သည်ထက် ရေခဲမုန့် နဲ့ အအေးစာများသာ စားသလောက်ကျွေးပေးရန် အကြံပေးပါသည်။ သို့ သော် သားက ဘာမှ မမျိုချင်လောက်အောင် ရှိနေပါသေးသည်။ သူ မစားချင်သည်ကို ဇွတ်တော့လည်း မကျွေးချင်သဖြင့် စိတ်သက်သာစေရန် ကစားတာကိုပဲ အဖေါ်လုပ်ပေးနေရပါတော့သည်။
ကစားနေစဉ် ကောင်းကောင်းမထိုင်နိုင်သဖြင့် တစ်ခါ ထပြီးကစားရသည်ကိုပဲ ထပ်ခါထပ်ခါ ကစားနေရတော့ ပျင်းလာသည်ထင်ပါသည်။ အခန်းကိုပဲ ပြန်ခဲ့ကြပါတော့သည်။ 
အခန်းရောက်တော့ စကားတွေကိုသာ ဘာရယ်မဟုတ် အဆက်မပြတ်ပြောပေးနေရပါသည်။ ညနေရာက်နေပေမဲ့ အိပ်ချင်ပုံမရပါ။ ကျမတို့ က အိပ်စေချင်ပါသည်။ သူ့ အတွက် အကောင်းဆုံးက အိပ်ပျော်နေခြင်းပဲ ရှိပါသည်။ သို့ သော် အိပ်မဲ့ပုံ မရှိသေးပါ။ ကားရုပ်ရှင် ကြည့်မလား… မေးတော့  ခေါင်းညိတ်ပြသဖြင့် ကုတင်ပေါ်ကျမက ထိုင်၊ သူက ရင်ခွင်ထဲထိုင်လို့ ကြည့်ကြပါသည်။ အစပထမတစ်ခါလောက် အော်ဖို့ စိတ်မရှိရှာပါ။ ညနေစောင်းပြီမို့ နေရကောင်းပုံမရပါ။ သို့ သော် ငြိမ်နေသည်ကလွဲလို့ ဘာမှတော့ မပြောရှာပါ။ကျမတို့ မှာလည်း သူ့ ကိုသာ ကြည့်နေရပါသည်။
ညနေ၆နာရီရောက်တော့ သူနာပြုရောက်လာကာ တစ်ခါ အဖျားတိုင်း၊ သွေးပေါင်ချိန်တိုင်းပါသည်။ ကံကောင်းပါသည်။ အဖျားလုံးဝမရှိပါ။ တော်ပါသေးသည်။ အဖျားဆေးပါ တိုက်စရာ မလိုလို့ ပါ။ ခုချိန်မှ မဟုတ်ပါ။ မွေးစမှစ ထိုးခဲ့ရသည့် ကာကွယ်ဆေးများထိုးပြီးတိုင်းလည်း ဘယ်တော့မှ အဖျားမရှိခဲ့ပါ။ ခလေးနာလာသည်ထင်ပါက လာပြီး အကြောင်းရန်နှင့် တစ်ခုခု အခြေအနေထူးလာပါက လာခေါ်ပါရန်ပြောအပြီး သူနာပြုလည်း ပြန်ထွက်သွားပါသည်။ ကျမတို့ ညစာ စားချိန်လည်း ကျလာပါပြီ။
၇ နာရီကျော်တော့မှ ညစာပြီးကြပါသည်။ သားကတော့ သူ့ အတွက် အစားကို နဲနဲသာ စားနိုင်ပါသည်။ ရေခဲမုန့် ကိုဖြင့် ထိတောင် မထိပါ။ ရေအေးအေးကိုသာ နဲနဲချင်း ခဏခဏတိုက်ပေးနေရပါသည်။ မငို မအီ မဂျီ မဖျားသဖြင့်လွန်စွာ ၀မ်းသာရပါသည်။  
၇နာရီကျော်တော့ တစ်ခါ ကစားခန်းသွားကြပြန်ပါသည်။ ညပြန်လာကြတော့ တစ်ခါ ရုပ်ရှင်ကြည့်ပြန်ပါသည်။ ခါတိုင်းလို မက်ကွင်း မက်ကွင်း.. တို့ ဂွတ်ချ..တို့ နိုးနိုးနိုး ရက်စ်ရက်စ်ရက်စ်..တို့ တော့ လိုက် မအော်နိုင်ရှာသေးပါ။ ငြိမ်လို့ သာ ကြည့်နေပါသည်။
ဒီလိုနဲ့ သာ ညအိပ်ချိန်ရောက်လာပါပြီ။ ညဆေးများလည်း တိုက်ပြီးပါပြီ။ သို့ သော် အိပ်မည့်ပုံမပြသေးပါ။ အိပ်ရအောင်နော် သားသား…ပြောလည်း ဘာမှ ပြန်မဖြေပါ။ တဖြည်းဖြည်းနဲ့ ကျမတို့ တစ်ခုကို သွား သတိရလိုက်ပါသည်။ သားလေး အိပ်ဖို့ ကြောက်နေတာများလား…ဆိုတာကိုပင်။
မျက်လုံးများက ဆေးရှိန်များကြောင့် တစ်နေ့ လည်လုံး မအိပ်ရသေးသောကြောင့် အိပ်ချင်လှနေပါပြီ။ သို့ သော် အိပ်ဖို့ ပြောတိုင်း ခေါင်းခါပြီးသာ ငြင်းနေပါသည်။ သားအဖေကတော့ .. ဆေးတွေလည်းသောက်ထားတာ၊ တစ်နေ့ လည်လုံးလည်း မအိပ်ရသေးဘူး။ အိပ်ကို အိပ်မှ ရမယ်၊ အိပ်တာ သူ့ အတွက် အကောင်းဆုံးပဲ…ဆိုကာ ဇွတ် အိပ်ခိုင်းပါသည်။ သူပါ ကုတင်ပေါ်တက်လှဲပြီး အတူတူ အိပ်ဖို့ ကြိုးစားပါသည်။ 
ကျမကတော့ ဇွတ်မသိပ်ချင်ပါ။ သူ့ ဟာသူ အိပ်ချင်လွန်းပါက အလိုလို အိပ်ပျော်သွားနိုင်ပါသည်။ ထိုသို့ အိပ်ပျော်သည်ကိုပဲ အချိန်ကြာချင်ကြာပါစေ စောင့်ချင်ပါသည်။ ဒီလိုအချိန်မျိုးမှာတော့ လုပ်သင့် အိပ်သင့်တာပဲဆိုတာထက် သူ့ စိတ်အလိုကို လိုက်ပြီး သူ့ သဘောအတိုင်းသာ ထားချင်ပါသည်။ ဘာကိုမှ ထပ် ၀န်မပိုစေချင်ပါ။ သူ့ မှာ ခုလို ခံစားနေရတာပင်များလှပါပြီ။
သားကတော့ ကျမတို့ ထင်သလို ဖြစ်နေပါသည်။ အိပ်ဖို့ ကြောက်နေပါပြီ။ မနက်တုံးက အိပ်ပျော်သွားရာကနိုးလာတော့ သူ့ ပါးစပ်အတွင်း တစ်ခုခုဖြစ်နေတာသိသွား ခံစားလိုက်ရတော့ အိပ်ရမှာ ကြောက်နေပုံရပါသည်။ ကျမတို့ မည်သို့ သူ့ စိတ်အစွဲကို ရှင်းရပါမည်နည်း? တကယ့် အခက်အခဲကို ယခုမှ စတွေ့ ရတော့ပါသည်။ ကျမတို့ မျှောင်လင့်ထားခဲ့ပါသည်။ သို့ သော်ကြုံလာရတော့ နည်းနည်းတော့ စိတ်ပူသွားကြရပါသည်။
ကျမတို့ စောင့်ကြည့်ဖို့ ပဲ ညှိလိုက်ကြပါသည်။ လုံးဝကို ငြင်းဆန်ပြီး လုံးဝမအိပ်မှသာ ဆရာမတွေမေးပြီး တစ်ခုခု စီစဉ်ရပါတော့မည်။ ခုတော့ စောင့်ကြည့်နေရုံနဲ့ သူ လုပ်ချင်တာ လိုက်လုပ်ပေးရုံသာ ဆုံးဖြတ်လိုက်ပါသည်။
စောင့်ကြည့်နေရင်းက သားခေါင်းက ညိတ်ညိတ်ကျသွားတာ တွေ့ ရတော့ ကျမနဲ့ သားအဖေတို့ နေရာလဲ ယူလိုက်ပါသည်။ ကျမနဲ့ အတူ ကုတင်ပေါ်လှဲရင်း ရုပ်ရှင်ကြည့်နေကြပါသည်။ သားက အိပ်ရမှာကြောက်နေသလို လှဲနေရာက ဇွတ်ထထိုင်ပါသည်။ ကျမက .. သားသားဇိမ်ကျအောင် မေမေ့လိုလေး လှဲကြည့်ပါလား…ပြောပါက မယုံရဲစွာ မလှဲချင်လှဲချင်လှဲပါသည်။ ခဏအကြာ ပြန်ထ ပြန်ထိုင်ပြန်ပါသည်။
ကားရုပ်ရှင်လည်း ဘယ်နှကြိမ်ရှိနေပြီလဲတောင် မသိတော့ပါ။ ဒီလိုနဲ့ ပဲ ကျမရင်ခွင်တွင်း မှီထိုင် ကြည့်နေရင်းက အိပ်ပျော်သွားပါတော့သည်။ သားအဖေက ၀မ်းသာသွားကာ လေသံခပ်တိုးတိုးဖြင့်.. ပျော်သွားပြီ… ပြောအပြီး သားက တစ်ချက် လူးလွန့် လိုက်ပါတော့သည်။ ကျမတို့ လည်း ငြိမ်နေလိုက်ကာ စောင့်ကြည့်နေကြပါသည်။ တခဏ ခြေ လက်တွေ လူးလွန့် ပြီးတော့ ပြန်အိပ်ပျော်သွားပါတော့သည်။ ည ၁၂နာရီလည်းကျော်နေပါပြီ။ ကျမတို့ လည်း သက်ပြင်းချနိုင်ပြန်ပါပြီ။
ဆရာမ တစ်ခါ ၀င်လာပြန်ကာ အဖျားတိုင်း သွေးပေါင်ချိန်တိုင်းလုပ်ပါသည်။ အားလုံးကောင်းပါသည်။
ကျမတို့ လည်း နားဖို့ ပြင်ကြပါသည်။ သားအဖေက သားဘေးမှာ အိပ်ဖို့ ပြင်ချိန် ကျမက ခုံတန်းရှည်ပေါ် ခြေပစ်လက်ပစ် လှဲလိုက်ပါတော့သည်။ မကြာပါ အိပ်ပျော်သွားပါတော့သည်။ ၃နာရီလောက်ကျ တစ်ခါ ဆရာမ၀င်လာကာ အကြောဆေးသွင်းတာ စစ်ဆေးပြီး ပြန်ထွက်သွားပါသည်။
မကြာခင်ဟု ထင်ပါသည်။ သားက ချောင်းဆိုးကာ နိုးလာပါသည်။ ချောင်းဆိုးရင်း အန်ပါတော့သည်။ သားအဖေက ဆရာမခေါ်သည့် အရေးပေါ်ခလုတ်ကို နှိပ်ပြီး ဆရာမကိုခေါ်လိုက်ပါသည်။ ကျမလည်း ထိတ်နေပါပြီ။ သောက်ထားသမျှ ရေ၊ နို့ နဲနဲ အားလုံးကုန်ပါပြီ။ သားလည်း မောနေ ပင်ပန်းနေပါသည်။ ဆရာမရောက်လာတော့ သားက မအန်တော့ပါ။သို့ သော် မောနေ ငိုချင်နေပါသည်။
မျက်နှာလေးညှိုးနေကာ တကိုယ်လုံးလည်း ချွေးတွေ စို့ နေပါသည်။ သားကို အကျီ င်္အသစ်လည်းပေးလိုက်ပြီး ပြန်အိပ်ပျော်ဖို့ တဖန် ကြိုးစားရပြန်ပါသည်။ ကြောက်နေပြန်ပါပြီ။ သို့ သော် အချိန်ကြာတော့ ပင်ပန်းကာ အိပ်ပျော်သွားပါတော့သည်။ ကျမတို့ လည်း တစ်ခါ ဟင်းချနိုင်ပြန်ပါသည်။ 
+                                                          +                                                          +
ဒီလိုနဲ့ မနက်မိုးလင်းတော့ ကြည်ကြည်သာသာပင် နိုးလာပါသည်။ မနက် ၁၀နာရီလောက်ကျ ဆေးရုံက ဆင်းနိုင်ပါပြီ။ မနက်တာဝန်ကျ သူနာပြုဆရာမလည်း လိုအပ်တာများ လာလုပ်ပေးပြီးသွားပါပြီ။ မနက်စာကို ကျမနဲ့ သားအဖေက စားကောင်းသလောက် သားကတော့ ထိရုံသာ။အိမ်ရောက်မှ ကျွေးရပါတော့မည်။ 
သားကို သူ့ အကျီ င်္၊ ဘောင်းဘီတို့ ဝတ်ပေးပြီး ဆင်းဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သားကလည်း ဆေးရုံမှ ဆက် မနေရတော့ဘူးဆိုတာ သိနေပါပြီ။ ၈နရီခွဲလောက်ကျ ခွဲစိတ်ဆရာဝန်လက်ထောက်ရောက်လာကာ လိုအပ်သည်များ ပြောပြ ရှင်းပြပါသည်။ ခွဲစိတ်ခနဲ့ ဆေးဖိုးများ ရှင်းပြီးပါက ဆင်းနိုင်ပါပြီ။ အားလုံး အဆင်ပြေပြေမို့ ဝမ်းသာကြရပါသည်။
သားနဲ့ သူ့ အဖေတို့ ကစားခန်းထွက်သွားကြပြန်ပါသည်။ ကျမကတော့ သိမ်းစရာရှိသည်များ သိမ်းဆည်းနေရပါသည်။ မကြာပါ သားတို့ သားအဖ ပြန်ရောက်လာပါသည်။ သားအဖေက ပြုံးလို့ ။ ကျမက ဘာဖြစ်လာကြတာလဲ… မေးတော့ သားအဖေက … ဟား ညီးသားကအလည်။ မနက်က အကျီ င်္မလဲခင် ကစားခန်းသွားတုံးက သူနာပြုဆရာမက ဟိုင်း ဖိုက် ဆိုပြီး လက်ချင်းရိုက်ဖို့ လက်ပေးတာ ဆရာမကို မျက်စောင်းထိုးကြည့်ပြီး ခြေက ဆောင့်လိုက်သေးတယ်။ ဆရာမကို ရှောင်ကွေ့ ပြီး ထွက်လာတာ။ အဲဒါ ဆရာမက ရီကျန်ရစ်တယ်။ နောက်ပြီး ဆေးတိုက်မှာ ကြောက်လို့ နေမှာ လို့ ပြောပြီး ဆက်ရီနေတယ်။ ခုတွေ့ တော့ ဆရာမက ဟေး ဘေဘီ ပြန်ရတော့မှာပေါ့လေ ဆိုကာရှိသေး ဘိုင့်ဘိုင် လုပ်နေတာ မပြီးတော့ဘူး။ ဆရာမတွေက သူသိတယ် သူသိတယ် ပြန်ရတော့မယ်ဆိုတာ လို့ ပြောပြီး သဘောတွေကျနေကြတယ်… ဟု ပြောပြပါသည်။
ကျမတို့ လည်း ပြန်ချင်လှပါပြီ။ အိပ်ရောက်ရင်တော့ဖြင့် ကြောက်နေ ထိတ်နေ လန့် နေတာတွေ ပျောက်ကောင်းပါပြီလည်း မျှော်လင့်ရပါသည်။ ပုံမှန်အိပ်တတ်ဖို့ စားဖို့ သောက်ရမည့်ဆေးများ မငြင်းမဆန်သောက်ဖို့ …အားလုံးလွယ်ကူလိမ့်မည် ထင်ပါသည်။ သို့ အတွက် အိပ်ပြန်ဖို့ စိတ်စော နေကြပါသည်။
၁၀နာရီထိုးတော့ ဆရာမက သောက်ဆေးများနဲ့ လိုအပ်သည့်ဆေးများ လာပေးရင်း တိုက်နည်း တိုက်ချိန်များရှင်းပြပေးပါသည်။ နောက်တော့ ဆင်းနိုင်ပါပြီ ပြောပါသည်။ သားအဖေလည်း ငွေရှင်းရာက ပြန်ရောက်လာပါသည်။ ကျမတို့ ၃ယောက်လည်း ချက်ချင်း အိတ်များဆွဲလို့ ဆေးရုံ အခန်းက ထွက်လိုက်ကြပါတော့သည်။
အခန်းဝက တံခါးဖွင့်ထွက်တော့ မျက်နှာချင်းဆိုင် အခန်းက ခလေးငယ်လူနာသမီးလေးက တောင်ကြည့် မြောက်ကြည့်ဖြင့် ကုတင်ပေါ်ထိုင်လို့ ။ အဖေနဲ့ အမေက ကုတင်ဘေးက လိုက်လို့ ။ ခွဲခန်းကို သွားမည့်ပုံပါ။ ကျမ မထင်မှတ်စွာ အဖေနဲ့ အမေကို ကြည့်တော့ သူတို့ မျက်နှာများက မနေ့ မနက်က ကျမတို့ နှစ်ယောက်မျက်နှာများပမာ စိုးရိမ်ပူပန်စိတ်အပြည့်ဖြင့်။ ကျမလည်း ကိုယ်ချင်းစာလို့  အစစအဆင်ပြေဖို့  စိတ်ထဲက ဆုတောင်းပေးနေမိပါသည်။ ကျမတို့ က လွန်မြောက်ခဲ့ပေမဲ့ သူတို့ တွေအတွက်က ခုမှ အစ။
ကျမတို့ သားအမိ တတွေ ထပ်ဆိုင်းမနေတော့ပဲ ထွက်ခဲ့ကြပါတော့သည်။ သားပုံက ဆေးရုံတက် လူနာပုံမျိုးမဟုတ်။ ဆေးရုံမှ သာမာန်ကာကွယ်ဆေးထိုးပြီး ပြန်ကြသည့်ပုံ။ သားအဖေက တိုးတိုးပြောရင်း ၀မ်းသာနေပါသည်။ သားကတော့ တွေ့ သမျှ ၀န်ထမ်းများကို လက်တပြပြနဲ့ ဘိုင့်ဘိုင် လုပ်လို့ မပြီးတော့ပါ။ သူလည်း ၀မ်းသာနေပုံရပါသည်။ ကျမတို့ ဆေးရုံက ကားမောင်းထွက်လာတော့ ၀မ်းသာစွာ ပေါ့ပါးစွာ စိတ်ချမ်းသာစွာ အားလုံးကို ကျေးဇူးတင်စွာ ပျော်ရွှင်စွာနဲ့ ပါ။
၇.၆.၁၁ ရက်နေ့  နေ့ လည် ၁၂နာရီထိုးတော့ အိမ်ပြန်ရောက်ကြပါပြီ။ စားပွဲခုံပေါ်မှာက ဆေးရုံမသွားခင်သောက်ဖို့ ဖျော်ထားခဲ့သော ကော်ဖီနှစ်ခွက်က တစ်ဝက်တပျက်နဲ့ ကြိုလျှက်။  မနေ့ က ဆေးရုံမသွားမီ သောက်နိုင်မည်ထင်ပြီး ဖျော်ပေမဲ့ မသောက်နိုင်ခဲ့ကြပါ။
အိမ်ရောက်သည်နှင့် သားမျက်နှာက ပြုံးချိုရွှင်လန်းနေပါပြီ။ လက်က အပါတ်ကလေးလဲ ဖြုတ်မပေးရသေးတော့ သားအဖေက.. ဟာ သားသားလက်က ဘာလေးတုံးဟ။ အော် ဘန်တန်း လက်ပါတ်လေးထင်တယ်။ မိုက်တယ်ကွာ...ဆိုတော့ သားကပါ.. ဘန်တန်းလိုလေ ဘန်တန်းလို ...လို့ အော်ဟစ်နေပါသည်။